နေပြည်တော် ၁၁ ဧပြီ

 

၂၀ဝ၅ ခုနှစ်၊ စက်တင်ဘာလ ၁၄-၁၆ ရက်များ၌ ကမ္ဘာ့ထိပ်သီး ညီလာခံတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ နိုင်ငံတော်အကြီးအကဲများ အပါအဝင်နိုင်ငံပေါင်း ၁၉၁ နိုင်ငံ၏ ခေါင်းဆောင်များ တက်ရောက်ခဲ့သော ညီလာခံဖြစ်ပါသည်။ သမိုင်း၌ ကမ္ဘာ့ခေါင်းဆောင်များ အစုံလင်ဆုံး၊ အကျယ်ပြန့်ဆုံး တက်ရောက်ခဲ့သော ထိပ်သီးညီလာခံဖြစ်ပါသည်။ ကုလသမဂ္ဂ ၂၀ဝဝ ပြည့်နှစ် ထောင်စုနှစ်သစ် ထိပ်သီးအစည်းအဝေး (Millennium Summit )နှင့် ထောင်စုနှစ်သစ်ဖြိုးရေး ရည်မှန်းချက်များ(Millennium Development Goals- MDGS) ၏ နောက်ဆက်တွဲအဖြစ် ကျင်းပခဲ့သော ကမ္ဘာ့ထိပ်သီးညီလာခံဟု သတ်မှတ်နိုင်ပါသည်။

 

 

၂၀ဝ၅ ခုနှစ်၊ ကမ္ဘာ့ထိပ်သီးညီလာခံ၌ ဆွေးနွေးခဲ့သော ကိစ္စရပ်များတွင် ကုလသမဂ္ဂအား ပြုပြင်ဖွဲ့စည်းရေးကိစ္စလည်း ပါဝင်ပါသည်။ အမှန်မှာမူ ကုလသမဂ္ဂအား ပြုပြင်ဖွဲ့စည်းရေးကို ၁၉၉၀ ပြည့်လွန်ကာလများကတည်းက တောင်းဆိုလာခဲ့ကြခြင်း ဖြစ်ပါသည်။ ကုလသမဂ္ဂအား ပြုပြင်ဖွဲ့စည်းရမည်ဆိုသည်ကို မူအားဖြင့် သဘောတူကြသော်လည်း မည်ကဲ့သို့ပြုပြင် ဖွဲ့စည်းရမည်ဆိုသည့် ကိစ္စ၌ သဘောထားအမြင်အမျိုးမျိုး ကွဲပြားနေသည်ဖြစ်၍ ရှင်းလင်းပြတ်သားမှုမရှိသကဲ့သို့ ဘုံသဘောတူညီချက်လည်းမရ ဖြစ်နေပါသည်။ အရေးကြီးသောကိစ္စရပ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား ပြုပြင် ဖွဲ့စည်းရန် ဖြစ်ပါသည်။  4G နိုင်ငံများဟု ပြောဆိုကြသော ဘရာဇီး၊ ဂျာမနီ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သည် တစ်နိုင်ငံချင်းစီ၏ ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် တောင်းဆိုမှုအပေါ် အပြန်အလှန် ထောက်ခံမှုပေးကြပါသည်။ ကော်ဖီကလပ် (Coffee Club )ဟု ပြောဆိုကြသည့် အီတလီနိုင်ငံက ဦးဆောင်သော Uniting for Consensus က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား တိုးချဲ့ ဖွဲ့စည်းခြင်းကို ဆန့်ကျင်ပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်¸စည်းရေးအပေါ် ဩဇာကြီးသော စာရေးဆရာဖြစ်သည့် Jeffrey Sachs  မှတ်ချက်ပြုထားသည်မှာ စိတ်ဝင်စားစရာဖြစ်ပါသည်။ Jeffrey Sachs  “ (ကုလသမဂ္ဂ၌) အာရှတိုက်အနေဖြင့် လုံလောက်သော ကိုယ်စားပြုခွင့် မရခြင်းသည် ကုလသမဂ္ဂ၏ ကမ္ဘာ့ပြည်သူတို့အား ကိုယ်စားပြုခွင့်ကို အကြီးအကျယ် စိန်ခေါ်လျက်ရှိပါသည်။ ကမ္ဘာ့ကြီး၏ လူဦးရေအထူထပ်ဆုံးနှင့် ဖြိုးမှုအရှိန်အဟုန်အမြန်ဆုံးသော အာရှတိုက်က လက်တွေ့ ကမ္ဘာ့ရေးရာများတွင် ပိုမိုဩဇာရှိလာသည်နှင့်အမျှ အဆိုပါစိန်ခေါ်မှုသည် ပို၍ပို၍ နက်ရှိုင်းလာမည် ဖြစ်ပါသည်။ ဤစိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ရပ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အာရှတိုက်အတွက် အနိမ့်ဆုံး အမြဲတမ်းအဖွဲ့ဝင် လေးနေရာသတ်မှတ်ခြင်း ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံအတွက် တစ်နေရာ၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အတွက် ပူးတွဲတစ်နေရာ [(၂)နှစ် သက်တမ်းရှိသော နေရာအတွက် တစ်နိုင်ငံတစ်နှစ်စီ တာဝန်ထမ်းဆောင်ခြင်း]၊ အာဆီယံအဖွဲ့ကိုယ်စားတစ်နေရာ၊ တခြားအာရှနိုင်ငံများကိုယ်စားပြုတစ်နေရာ၊ စုစုပေါင်းလေးနေရာ သတ်မှတ်သင့်ပါသည်” ဟု တင်ပြထားပါသည်။

 

 

တင်ပြလိုသည်မှာ ကုလသမဂ္ဂ၌ အာရှတိုက်၏ အတွေးအခေါ်၊ ခံယူချက်တို့အား ကိုယ်စားပြုမှုသည် အားပျော့လျက်ရှိပါသည်။ ဤအားပျော့မှုကို ပေါ်လွင်စေမည့် အချက်တစ်ရပ်ကို တင်ပြလိုပါသည်။ ၎င်းမှာ ၂၀ဝ၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံက ချမှတ်ခဲ့သည့် အခြေခံသဘောထားဖြစ်ပါသည်။ အဆိုပါ အခြေခံသဘောထားမှာ ငြိမ်းချမ်းမှုနှင့် လုံခြုံရေးအပါအဝင် လှူအခွင့်အရေးနှင့် ဖြိုးတိုးတက်မှုတို့သည် အပြန်အလှန်အားဖြည့် ဆက်စပ်နေသည်ဖြစ်၍ ပဋိပက္ခအလွန်ကာလ၌ ငြိမ်းချမ်းမှုနှင့် ပြန်လည်သင့်မြတ်ရေးတို့အား ပုံဖော်ဖန်တီးရာတွင် ဤဆက်စပ်မှုအားလုံးကို ခြုံငုံသုံးသပ်လျက် တစ်ခုတည်းသော ချဉ်းကပ်ပုံရရှိစေရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဤသဘောထားသည် အာရှတိုက်၏ ခံယူချက်နှင့် နီးစပ်ပါသည်။ ကုလသမဂ္ဂက ရခိုင်ပြည်နယ်အရေး ကိုင်တွယ်ရာ၌ အဆိုပါသဘောထားဖြင့် ချဉ်းကပ်သင့်သော်လည်း မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်ဖိအားပေးခြင်းကိုသာ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့တာဝန်သိ နိုင်ငံတစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သော်လည်း ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ် အရေးအပေါ် ၎င်းတို့၏ ချဉ်းကပ်ပုံ မည်မျှမှန်ကန်မှု ရှိသည်မရှိသည်ကို ပြန်လည်သုံးသပ်သင့်ပြီဖြစ်ပါကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း