နေပြည်တော် ၁၁ ဒီဇင်ဘာ

အမျိုးသားအဆင့် အထည်အလိပ်မူဝါဒ ပြဋ္ဌာန်းနိုင်ရေးအတွက် ဒုတိယအကြိမ် Stakeholder Meeting အား ယနေ့နံနက်ပိုင်းတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကို အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ GIZ မှ တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားပြီး GIZ မှ ဌာနေကိုယ်စားလှယ်၊ GIZ မှ International Consultant, Dr. Bernd Gutterer နှင့် အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးတို့က National Textile Policy ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်နှင့် အခြေခံသဘောတရားများ၊ အမျိုးသားအဆင့် အထည်အလိပ်မူဝါဒ ဖြစ်ပေါ်လာရေးအတွက် ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ စီးပွားရေး လုပ်ငန်းများအတွက် အဓိကစိန်ခေါ်မှုများ၊ မူဝါဒမူကြမ်းရေးဆွဲခြင်း လုပ်ငန်းစဉ်များနှင့် မျှော်မှန်းမှုရလဒ်များကို ရှင်းလင်းတင်ပြသည်။ 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ရေးဆွဲထားရှိသည့် အမျိုးသားအဆင့် အထည်အလိပ်မူဝါဒ(မူကြမ်း)နှင့်ပတ်သက်၍ အခန်းအလိုက် တစ်ချက်ခြင်းအသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာ၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အမျိုးသားအဆင့် အထည်အလိပ်မူဝါဒ ရေးဆွဲပြဋ္ဌာန်းနိုင်ခြင်းကြောင့် အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံချက်များ၊ လမ်းပြမြေပုံများအား ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေးဆွဲနိုင်ခြင်း၊ လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များအား ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ခြင်း၊ အထည်အလိပ်ထုတ်လုပ်မှု ကွင်းဆက်အတွင်း အစမှအဆုံးအထိ ချိတ်ဆက်ဆောင်ရွက်ရန်အတွက် ထောက်ပံ့ပေးနိုင်မည်ဖြစ်ခြင်း၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအတွက် အားပေးသည့် စီးပွားရေးဝန်းကျင်ကို ထူထောင်နိုင်မည်ဖြစ်ခြင်း၊ ရိုးရာအိမ်တွင်းမှု အထည်အလိပ်လုပ်ငန်းများ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး နိုင်ငံတော်၏ တစ်ဦးချင်း ကုန်ထုတ်လုပ်မှု တန်ဖိုးမြင့်မားလာစေခြင်း၊ လူမှုစီးပွားဘဝ တိုးတက်လာစေခြင်း၊ နည်းပညာအသစ်များရရှိပြီး နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း၊ ပြည်ပနှင့် ကုန်သွယ်မှုလွယ်ကူစေခြင်းနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအား အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။ 

သတင်းစဉ်