နေပြည်တော် ၁၇ ဧပြီ
ယနေ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် မြန်မာတို့၏ နှစ်သစ်ကူးနေ့ ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် ကုန်ဆုံးပြီး ၁၃၈၀ ပြည့်နှစ်သို့ ကူးပြောင်းရောက်ရှိသည့် နေ့ဖြစ်ပါသည်။ နှစ်သစ်ကူး သင်္ကြန်ကာလတွင် မြန်မာတစ်နိုင်ငံလုံး ပျော်ရွှင်မှု အပေါင်းနှင့် ပြည့်စုံလွှမ်းခြုံပြီး ငြိမ်းချမ်းသာယာသော လူ့ဘောင်လောကသစ် စတင် တည်ဆောက်ရမည့် အချိန်အခါဖြစ်ပါသည်။
တိုင်းရင်းသားပြည်သူ အပေါင်းတို့ သိရှိကြပြီးဖြစ်သည့်အတိုင်း ကျွန်ုပ်တို့ မြန်မာပြည်အဖို့ လက်ငင်း လိုအပ်ချက်မှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးဖြစ်သည်ကို လူတိုင်းလူတိုင်း သိရှိနားလည်ထားကြပြီးဖြစ်ရာ တိုင်းပြည်ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးကို မဆုတ်မနစ် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရမည့် အချိန်အခါဖြစ်သည်နှင့်အညီ ပြည်သူအားလုံးတို့၏ ပူးပေါင်းပါဝင်မှုအားမှာ မဖြစ်မနေ လိုအပ်နေပါသည်။
နှစ်ဟောင်းတွင် တိုင်းရင်းသားပြည်သူအပေါင်း ရင်ဆိုင်ကြုံတွေ့ကြရပြီးဖြစ်သည့် တိုင်းပြည်၏ လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများအား ကျော်လွှားလွန်မြောက်စေရန်အတွက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး ကိစ္စများတွင် လူတိုင်းလူတိုင်း အသိစိတ်ဓာတ်ရှိစွာဖြင့် လက်တွဲပါဝင်ဆောင်ရွက်ကြ ရမည်ဖြစ်သည်။
နှစ်သစ်ဟူသည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေသည်ဟု လူမျိုးတိုင်း၊ ဘာသာတိုင်း ခံယူထားကြပြီး မင်္ဂလာဟူသည်မှာလည်း မကောင်းမှုကို ပယ်သတ်ပြီး ကောင်းကျိုးချမ်းသာများ ဖြစ်စေတတ်သောကြောင့် ယခုနှစ်သစ် မင်္ဂလာအခါကာလမှစ၍ ကျွန်ုပ်တို့တိုင်းပြည်တွင် ကောင်းကျိုး ချမ်းသာများ ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။
၁၃၈၀ ပြည့်နှစ် မြန်မာနှစ်သစ် ကူးပြောင်းသည့်ကာလတွင် တိုင်းရင်းသားပြည်သူ၊ ရဟန်းရှင်လူ အားလုံးတို့က နှစ်သစ်မင်္ဂလာဖြစ်ကြောင်းအဖြာဖြာကို တောင်းဆုခြွေပေးကြသလို မင်္ဂလာဖြစ်ကြောင်း ကောင်းမှုအထူးများကို ပြုလုပ်နေကြသည်ကို ဝမ်းသာကြည်နူးဖွယ် မြင်တွေ့နေကြပြီဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်ဝပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာဝပြောမည့် နှစ်သစ်ဖြစ်လိမ့်မည်ဟုလည်း ကျွန်ုပ်တို့ ယုံကြည်ထားပါသည်။
နိုင်ငံ့ခေါင်းဆောင်များ၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ်နေမှုများကြောင့် မြန်မာနိုင်ငံတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်များသာမက တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးကဏ္ဍများတွင် တိုးတက်လာမည့် အရိပ်လက္ခဏာများကိုလည်း မြင်တွေ့နေရပါသည်။ ပြည်သူပြည်သားအပေါင်းတို့အနေဖြင့် နှစ်သစ်တွင် စိတ်သစ်၊ ကိုယ်သစ်ဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဆတက်ထမ်းပိုး ဆက်လက်သယ်ပိုး ထမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မကြာသေးမီကာလက ၎င်း၏ အဖြစ်ချင်ဆုံးဆန္ဒအား ထုတ်ဖော် ပြောကြားထားမှုနှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားအားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်း တာဝန်သိစိတ်ဓာတ်နှင့် ပြည့်ဝစေချင်သည်ဟူသော ခံယူချက်အတိုင်း ကျွန်ုပ်တို့အနေဖြင့်လည်း ယခုနှစ်သစ် ကာလမှစ၍ ဘဝဆုံးတိုင်အောင် တာဝန်ကျေခဲ့သော နိုင်ငံသူ၊ နိုင်ငံသားများဖြစ်အောင် ကျင့်ကြံအားထုတ် ကြိုးကုတ်ရွက်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းသာယာသော လူ့ဘောင်ဖြစ်အောင် ဝိုင်းဝန်းဖန်တီးကြရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။
(ကြေးမုံ)