၁၈ ဧပြီ

 

မတ် ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကတိသစ္စာပြုပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည့်မိန့်ခွန်းအပေါ် ပြည်သူများက နှစ်ထောင်းအားရရှိခဲ့ကြသလို မျှော်လင့်ချက် များလည်း မြင့်မားလာခဲ့ကြသည်။ မိမိတို့ရွေးချယ်တင်မြှောက်ခဲ့သည့် အစိုးရက ထုတ်ဖော်ကြေညာလိုက်သော ဦးစားပေးဆောင်ရွက်သွားမည့် ရည်မှန်းချက်ပန်းတိုင်များကို ရှင်းရှင်းလင်းလင်း သိမြင်ခွင့်ရခဲ့ကြပြီး ပြည်သူလူထု၏ အလိုဆန္ဒနှင့် လက်ငင်း အကျိုးစီးပွားကို ဦးစားပေးထားသည့် အဆိုပါရည်မှန်းချက်ပန်းတိုင်များ လက်တွေ့ကျကျ အကောင်အထည်ပေါ်လာရေးကို မျှော်လင့်ခဲ့ကြခြင်းဖြစ်သည်။ ယနေ့မြန်မာနှစ်ဆန်း၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားခဲ့သည့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင်မူ ပြည်သူတို့၏ မျှော်လင့်ချက်နှင့် အနာဂတ်အပေါ် ယုံကြည်မှုတို့ကို ပိုမိုခိုင်မာစေခဲ့ပြီဟု ရှုမြင်မိသည်။

 

နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် မိဘပြည်သူများအပေါ် အလေးအမြတ် ပြုမှုနှင့်အတူ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့်ဌာနများကို ကြပ်မတ်ဆောင်ရွက်သွားမည့် အစီအစဉ်၊ ပြည်သူများနှင့် ဝန်ထမ်းများ၏ ဘဝရှင်သန်မှုတွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် နေရေးလိုအပ်ချက်ကို ဖြည့်ဆည်းသွားမည့် စနစ်နှင့် အစီအစဉ်၊ အမှုထမ်း၊ အရာထမ်းများအတွက် လစာတိုးမြှင့်ပေးမည့်အစီအစဉ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအကျဆုံး အခြေခံလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်ဓာတ်အားကို သုံးနှစ်အတွင်း နှစ်ဆတိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးမည့် အစီအစဉ်နှင့် လမ်းများအသစ်ဖောက်လုပ်ခြင်း၊ အဆင့်မြှင့် တင်ခြင်း၊ ကြိုးတံတားများ ကြံ့ခိုင်မှုစစ်ဆေးပြင်ဆင်သွားမည့် အစီအစဉ်၊ အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းများကို ငွေထုတ်ချေးရာတွင် လွယ်ကူမြန်ဆန်စေမည့် အစီအစဉ်၊ ယိမ်းယိုင်နေသည့် တရားစီရင်ရေးကို တည့်မတ်ရေး၊ ဌာနဆိုင်ရာများတွင် စွဲကပ်နေသည့် အဂတိလိုက်စားမှုများကို ပိုမိုတိုက်ဖျက်ရေး၊ လူ့အခွင့် အရေးချိုးဖောက်မှုများကို မြှင့်တင်ကာကွယ်ပေးနိုင်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းမှု ပိုမိုထိရောက်စေရေး၊ စီမံကိန်းလုပ်ငန်းများတွင် ပြည်သူ့ဘဏ္ဍာများ အလေအလွင့်မရှိအောင် စီမံခန့်ခွဲနိုင်ရေး၊ ဥပဒေမဲ့သ ိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေးနစ်နာကြေး ရရှိရေးတို့အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ တောင်သူလယ်သမားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ အလုပ်သမားများ၏ဘဝ စိုပြည်သာယာရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့် ရရှိရေး စသည့် အစီအစဉ်များကို တိတိကျကျ ရှင်းလင်းတင်ပြထားသည့်အလျောက် နိုင်ငံ၏ မျက်မှောက်ပကတိ အခြေအနေကို မှန်ကန်စွာ နားလည်သဘောပေါက်ထားသည့်နိုင်ငံတော်အစိုးရက ကဏ္ဍအသီးသီးတို့တွင် ပြုပြင်ပြောင်းလဲမှု၏ ရလဒ်ကောင်းများ မျက်ဝါးထင်ထင်ပေါ်ထွက်လာအောင် စွမ်းဆောင်သွားမည်ဟုလည်း ယုံကြည်မိသည်။

 

နိုင်ငံတော်သမ္မတ၏ ရှင်းလင်းတင်ပြချက်အရ ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူများ၏ ဆန္ဒသဘော ထားကို အလေးအနက်ထားခြင်း၊ ပြည်သူလူထုနှင့် နီးစပ်သည့်အောက်ခြေမှ စတင်မည်ဖြစ်ခြင်း စသည်တို့ကြောင့် မျက်ဝါးထင်ထင် တွေ့ မြင်နိုင်မည့် ပြုပြင်ပြောင်းလဲမှုများဖြစ်လာမည်ဟု မျှော်တွေးမိသည်။ သို့ရာတွင် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၏ အခြေခံမူသည်  “တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ” ဆိုသည့် နည်းလမ်းဖြစ်သည့်အလျောက်ခေတ်စနစ်နှင့် ကိုက်ညီသည် များကို ဆက်ခံစေပြီး မကိုက်ညီသည်များကို ဖယ်ရှားခြင်း၊ ပြုပြင်မွမ်းမံ ခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲခြင်းစသည့် လက္ခဏာများနှင့်အတူ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတို့၏ အကျိုးရလဒ် များကို ရရှိနိုင်ကြမည်ဖြစ်သည်။

 

မိမိတို့သတိမူရမည့်အချက်မှာ ပြုပြင်ပြောင်းလဲမှုကို အဓိကစွမ်းဆောင် ဖန်တီးမည့်အရာမှာ စုပေါင်းစွမ်းအား (Collective Strength)ပင်ဖြစ်ကြောင်းနှင့် ပြည်သူတစ်ဦးတိုင်း တစ်ဦးတိုင်းက အုတ်တစ်ချပ်၊ သဲတစ်ပွင့်စီအဖြစ် ခံယူကာ ပူးပေါင်းပါဝင် ဖန်တီးနိုင်ကြစေလိုပါကြောင်း။ ။