၁၉ ဧပြီ
လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် မြန်မာ့စီးပွားရေး၏ ကျောရိုးဖြစ်ပါသည်။ တိုင်းပြည်၏ အလုပ်လုပ်သော အင်အားစု၏ ၇၀ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ မြန်မာ့စီးပွားရေးသည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးဖော်ဆောင်ရာ၌ ကြုံတွေ့ရလျက်ရှိသော အဓိကအခက်အခဲတစ်ရပ်မှာ ချေးငွေအလုံအလောက် မရရှိနိုင်ခြင်း ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရသည် တောင်သူလယ်သမားတို့၏ စိုက်ပျိုးရေးစရိတ်ချေးငွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိသော်လည်း ပြည့်စုံလုံလောက်သော အနေအထားသို့ ရောက်ရှိနိုင်ခြင်းမရှိပါ။ တောင်သူလယ်သမားတို့၏ ဤလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ရိုးမဘဏ်သည် မဟာလယ်ယာစိုက်ပျိုးရေးအများပိုင်ကုမ္ပဏီ (Maha Agriculture Public Co) နှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ မဟာလယ်ယာစိုက်ပျိုးရေးအများပိုင်ကုမ္ပဏီသည် တောင်သူလယ်သမားတို့အတွက် အသေးစားချေးငွေတို့ကို ပံ့ပိုးပေးနေသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်အရ ရိုးမဘဏ်နှင့် မဟာလယ်ယာ စိုက်ပျိုးရေးအများပိုင်ကုမ္ပဏီတို့သည် စုစုပေါင်း မြန်မာကျပ်ငွေ ၃ ဒသမ ၅ ဘီလီယံပမာဏရှိသော ချေးငွေတို့ကို တောင်သူလယ်သမားတို့အား ပေးအပ်သွားမည် ဖြစ်ပါသည်။ ဤလုပ်ငန်းအစီအစဉ်အရ ပေးအပ်သော ချေးငွေတို့ကို တောင်သူလယ်သမားမိသားစု ၆၀ဝဝဝ ခန့်က ရရှိခံစားရမည် ဖြစ်ပါသည်။
မဟာလယ်ယာစိုက်ပျိုးရေးအများပိုင်ကုမ္ပဏီသည် လက်ရှိ၌လည်း တောင်သူလယ်သမားမိသားစု ၁၀ဝဝဝ ခန့်အတွက် ချေးငွေပံ့ပိုးမှုများ ပြုလုပ်ပေးလျက်ရှိပြီး စုစုပေါင်းထုတ်ပေးထားသော ချေးငွေပမာဏမှာ မြန်မာကျပ်ငွေ ခုနစ်ဘီလီယံအထိ ရှိနေပြီဖြစ်ပါသည်။ ပို၍ဝမ်းမြောက်စရာ ကောင်းသည်မှာ မဟာလယ်ယာစိုက်ပျိုးရေးအများပိုင်ကုမ္ပဏီက ထုတ်ပေးသောချေးငွေတို့ကို ဓာတ်မြေဩဇာနှင့် မျိုးစေ့ကဲ့သို့သော လယ်ယာစိုက်ပျိုးရေးကဏ္ဍ သွင်းအားစုတို့အတွက်သာ အသုံးပြုရခြင်းဖြစ်ပါသည်။ အဆိုပါအချက်အလက်ထက်ပို၍ အားတက်စရာကောင်းသည်မှာ ရိုးမဘဏ်နှင့် မဟာလယ်ယာစိုက်ပျိုးရေး အများပိုင်ကုမ္ပဏီတို့၏ လက်တွဲဆောင်ရွက်မှုသည် ချေးငွေဆိုင်ရာ ကျင့်ထုံးသစ်တစ်ရပ်ကို အားသစ်လောင်းလိုက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ ချေးငွေထုတ်ပေးရာတွင် အစဉ်အလာအရ မြေယာကဲ့သို့သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတို့ကို အာမခံသဘောထားပြီးမှသာ ထုတ်ပေးလေ့ရှိပါသည်။ ရိုးမဘဏ်နှင့် မဟာလယ်ယာစိုက်ပျိုးရေး အများပိုင်ကုမ္ပဏီတို့ ပူးတွဲပံ့ပိုးပေးသော ယခုချေးငွေတို့သည် လုပ်ငန်းလည်ပတ်နိုင်စွမ်းအပေါ်၌သာ အခြေခံထုတ်ပေးခြင်း ဖြစ်ပါသည်။ ဤချေးငွေကျင့်ထုံးသစ်သည် မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ အလားအလာကောင်းတို့ကို တွန်းအားပေး ဖော်ထုတ်သွားမည်ဖြစ်၍ ရိုးမဘဏ်နှင့် မဟာလယ်ယာစိုက်ပျိုးရေးအများ ပိုင်ကုမ္ပဏီတို့၏ လက်တွဲကြိုးပမ်းမှုကို ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။
ကြေးမုံ