ရန်ကုန် ၁၄ ဒီဇင်ဘာ

 

တိုင်းရင်းသားဘာသာ (၁၀) မျိုးဖြင့် ဘာသာပြန်ဆိုထားသည့် “ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ ဝေါဟာရများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း” စာအုပ်မိတ်ဆက်ပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ Summit Parkview Hotel တွင်ကျင်းပသည်။

 

အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားထားသည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ပညာရပ်ဆိုင်ရာ ဝေါဟာရစကားလုံး (၁၁၀) ကို ဗမာ၊ ရှမ်း၊ ဓနု၊ ချင်း(လိုင်)၊ ချင်း(ချို)၊ စကောကရင်၊ အရှေ့ပိုးကရင်၊ ပအိုဝ်း၊ ထားဝယ်၊ မွန် ဘာသာစကားတို့ဖြင့် ပြန်ဆိုထားခြင်းဖြစ်ပြီး အဆိုပါ စာအုပ်နှင့်ပတ်သက်၍  ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါစာအုပ်ကို စီစဉ်ခဲ့သည့် Search for Common Ground Myanmar မှ သိရသည်။

 

Search for Common Ground Myanmar သည် “တိုင်းရင်းသားဘာသာစကား (၁၀) မျိုးဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ ဝေါဟာရများအား အဓိပ္ပာယ်ဖွင့်ဆိုခြင်း” စာအုပ်ကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင် ဆောင်ရွက်နေသူများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ တက်တက်ကြွကြွ ပါဝင်နေသူများနှင့် အဖွဲ့အစည်းများကို ယခုလာမည့် ၂၀၂၀ မှစတင်၍ အခမဲ့ ဖြန့်ဝေပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

ထုတ်ဝေရခြင်းနှင့် ပတ်သက်၍ Search for Common Ground Myanmar မှ စီမံကိန်းမန်နေဂျာ ကိုစောသူရအောင်က “ကျွန်တော်တို့နိုင်ငံမှာ စကားလုံးဆိုင်ရာနဲ့ အဓိပ္ပာယ်ပြန်ဆိုမှု ဆိုင်ရာမှာ အခက်အခဲရှိတယ်။ ဘုံဆိုပြီး စဉ်းစားထားတာ မရှိတဲ့အတွက် ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ တခါတလေကြရင် အခက်အခဲတွေ ရှိကြတာတွေ့ရတယ်။ နောက်ဒီလို ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ နေရာတွေ တင်မဟုတ်ဘဲ အခြားသောနေရာတွေမှာလည်း စကားလုံးပိုင်းဆိုင်ရာ အခက်အခဲရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က သုတေသနကနေ ထွက်လာတဲ့ အကြောင်းအရာတွေပေါ် မူတည်ပြီး အားလုံး နားလည်လွယ်တဲ့ ဘုံဖြစ်တဲ့စကားလုံးတွေကိုစုပြီး တိုင်းရင်းသား ဘာသာစကားနဲ့ ထုတ်ဝေခြင်းဖြစ်ပါတယ်။ အခြားတိုင်းရင်းသား ဘာသာစကားတွေကိုလည်း အသိအမှတ်ပြုပေမဲ့ ပထမဆုံးအနေနဲ့ အများသုံးဖြစ်မဲ့ စကား(၁၀)မျိုးကိုပဲ ဦးတည်ပြီးတော့ ရွေးချယ်လိုက်တယ်။ ဒီစာအုပ်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးကိုချပြမယ်။ အဲဒီကနေ ထပ်မံရလာမဲ့ အကြံပြုချက်တွေကို ပိုပြီးကျစ်လစ်တဲ့ စကားလုံးတွေနဲ့ ထပ်မံဖြည့်စွက်ပါမယ်” ဟုပြောသည်။

 

ယခုစာအုပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေကြသည့် ခေါင်းဆောင်များနှင့် ပြည်သူလူထုကို စကားဝိုင်းဆွေးနွေးမှုများတစ်ဆင့် ချိတ်ဆက်ပေးနိုင်ရန်၊ ငြိမ်ချမ်းရေးဖြစ်နှင့် ပတ်သက်၍ ပြည်သူလုထုကို ပါဝင်လာစေရန်နှင့် နားလည်မှုရစေရန်အတွက် ရည်ရွယ် ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်