၂၃ ဧပြီ

 

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး အစီအစဉ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ၂၃ ရက်နေ့၌ လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။ ဤလက်မှတ်ရေးထိုးပြီး အစီအစဉ်နှင့်အညီ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနက် ဟိန္ဒူဘာသာဝင် ၅၀၈ ဦးနှင့် မူဆလင် ၇၅၀ ဦး အပါအဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြည့်စွက်ပုံစံပြန်လည်ပေးပို့ထားသူ ၈၀၃၂ ဦးအနက်မှ စိစစ်ပြီးသူ ၆၀ဝ ကျော်တို့အား ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသိပေး အကြောင်းကြားပြီးဖြစ်ပါသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည ်ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနက် တစ်စုံတစ်ဦးကိုမျှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းမရှိသေးပါ။ မြန်မာနိုင်ငံက လက်ခံလိုပါလျက်၊ လက်ခံရန်အဆင်သင့်ဖြစ်ပါလျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လွှဲပြောင်းပေးရန် ယခုအချိန်အထိ အဘယ်ကြောင့် ပျက်ကွက်နေရပါသနည်း။

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် ဖြည့်စွက်ပုံစံတို့ကို နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ ရေးဖြည့်ပေးရေးသည် နိုင်ငံတကာ ကျင့်ဝတ်ကျင့်ထုံးဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံသို့ စာရင်းပေးပို့ခဲ့သည့် ၈၀၃၂ ဦး၏ ဖြည့်စွက်ပုံစံတို့ကို နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ အဘယ်ကြောင့်ရေးဖြည့်ပေးရန် ပျက်ကွက်ရပါသနည်း။ ပို၍ အံ့ဩစရာ ကောင်းသည်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသည် နှစ်နိုင်ငံသဘောတူထားသည့် ပုံစံအတိုင်း ဖြည့်စွက်ထားခြင်းမရှိကြောင်းကို ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံမှ သိရှိခြင်းဖြစ်ပါသည်။

 

အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကော့ခ်ဘဇားခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ပြန်လည်လက်ခံရန် စိစစ်အတည်ပြုပြီးသူတို့အား တွေ့ဆုံခွင့်ပေးရန် မေတ္တာရပ်ခံချက်ကို သက်ဆိုင်ရာ အာဏာပိုင်တို့က လျစ်လျူရှုခဲ့ခြင်းသည်လည်း “အဘယ်ကြောင့်”ဟူသော အတွေးတို့ကို ရှောင်လွှဲမရဖြစ်ပေါ်စေပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ရှိခဲ့သော နေရပ်စွန့်ခွာနေထိုင်သူများစခန်းရှိ ပုဂ္ဂိုလ်တို့က ဖြည့်စွက်ပုံစံတို့ကို မသိသကဲ့သို့ မည်သည့်ပုဂ္ဂိုလ်မှ လာရောက်ရှင်းလင်းခြင်းမရှိကြောင်း ပြောဆိုခဲ့မှုတို့အပေါ် အဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရသည်ကို မေးခွန်းထုတ်ရမည် ဖြစ်ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဘာသာရေး ခေါင်းဆောင်များအပါအဝင် ရပ်မိရပ်ဖတို့နှင့် တွေ့ဆုံခွင့်ပြုရန် မေတ္တာရပ်ခံချက်အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လျစ်လျူရှုမှုသည်လည်း မေးခွန်းထုတ်ရမည့် ကိစ္စဖြစ်ပါသည်။

 

စစ်ရာဇဝတ်မှုများနှင့် လူသားတို့အပေါ် ကျူးလွန်သော ပြစ်မှုတို့ကိုသန္နိဋ္ဌာန်ချ စစ်ဆေးရန် လိုအပ်သည်ဟု ခံယူထားသော နိုင်ငံတကာရာဇဝတ်ရုံး  (International Criminal Court- ICC)၏ရှေ့နေချုပ် ဖတူးဘန်ဆူးဒါး (Fatou Bensouda)က အထက်၌ဖော်ပြထားသည့် မေးခွန်းတို့၏ အဖြေရရန် ဦးစွာ ကြိုးပမ်းသင့်ပါသည်။သို့သော် အဆိုပါရှေ့နေချုပ်သည် နိုင်ငံတကာရာဇဝတ်ရုံး (ICC) ၏ပဋိညာဉ်ကို ချိုးဖောက်လျက် နိုင်ငံတကာသဘောတူညီချက် (The 1969 UN Vienna Convention on International Treaties) ကို ချိုးဖောက်လျက်၊ ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်လျက် ရခိုင်ပြည်နယ်အရေးကို နိုင်ငံတကာ ရာဇဝတ်ရုံး(ICC) ၌ စစ်ဆေးခွင့်ရရန် လျှောက်ထားလိုက်ခြင်းသည် အချုပ်အခြာအာဏာကျင့်သုံးပိုင်ခွင့်နှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံမူတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အရေးအပေါ် စေ့စပ်သေချာစွာ ချဉ်းကပ်ဖြေရှင်းလိုသည်ဆိုသော အဆိုပါ ရှေ့နေချုပ်အနေဖြင့် အထက်၌ တင်ပြထားသည့် မေးခွန်းတို့ကို ဦးစွာရှင်းလင်းဖြေကြားရန် လိုအပ်ပါကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။ ။

 

SHARE THIS ON SOCIAL MEDIA