ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

 

မြစ်ဆုံလို့ပြောရင် လူတွေရဲ့အာရုံက ရေအားလျှပ်စစ်စီမံကိန်းအပေါ်ရောက်သွားမှာ သေချာပါတယ်။ အမှန်တော့ ဒီအကြောင်းနဲ့ပတ်သက်ရင် အမြင်အမျိုးမျိုး၊ မှတ်ချက်အမျိုး မျိုး ပေးနေကြတာ။ စီမံကိန်းကို ဘက်ပေါင်းစုံက ကန့်ကွက်ခဲ့တယ်။ ကန့်ကွက်နေကြတယ်။ ကိုယ့်ရှုထောင့်က သုံးသပ် ကြပြီး စဉ်းစားဆုံးဖြတ်နေကြတယ်။ ကျွန်တော်တင်ပြမယ့် အကြောင်းကတော့ စီမံကိန်းနဲ့ မပတ်သက်ဘဲ ကိုယ်ကိုယ်တိုင် မြစ်ဆုံကိုသွားရောက်တဲ့အကြောင်း မျှဝေခြင်းသာဖြစ်ပါတယ်။ အမှန်တော့ လွန်ခဲ့တဲ့ လေးနှစ်ကျော်က မြစ်ကြီး နားမြို့ကို တစ်ခေါက်ရောက်ဖူးတယ်။ အချိန်က မရတော့ မြစ်ဆုံကို သွားချင်ပေမယ့် မရောက်ခဲ့ဘူး။ ဒီတစ်ခေါက်တော့ မရောက်ရောက်အောင် သွားဖို့စဉ်းစားခဲ့တယ်။ ဇနီးက လည်း သိပ်ရောက်ချင်တဲ့နေရာ။

 

ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲ

 

အမှန်တော့ မြစ်ကြီးနားမြို့ကို သွားရတာက ကချင်ပြည်နယ် လုပ်ငန်းရှင်များအသင်းက ကြီးမှူး ကျင်းပတဲ့ စီးပွားရေးနှီးနှောဖလှယ်ပွဲကို သွားခဲ့တာ။ ဒီပွဲကို ကြီးမှူးတဲ့သူတွေက တကူးတက ဖိတ်ခဲ့တယ်။ အထူးသဖြင့် ဦးမင်းဗညားစန်း။ သူနဲ့ရင်းနှီးခဲ့တာကြာခဲ့ပြီ။ သူ့စီးပွား ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အကြံပေးခဲ့တယ်။ စင်ကာပူတို့၊ ကမ္ဘောဒီးယားနိုင်ငံတို့မှာသွားပြီး ဟောပြော ပွဲတွေ လုပ်ခဲ့တယ်။ သူ့မိသားစုနဲ့လည်း ရင်းနှီးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူနဲ့အတူ ကုန်သည်ကြီးများ အသင်းက ဦးအေးဝင်းတို့ အိမ်ရောက်တယ်။

 

တိုင်းရင်းသားလုပ်ငန်းရှင်များနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတစ်ခု လုပ်ချင်တဲ့ဆန္ဒကို ပြောပြတယ်။ ကျွန်တော်ကလည်း ဒီအကြံကို သဘောကျတယ်။ ကူညီချင်တယ်။ ဒါကြောင့် ကုန်သည်ကြီးများ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော် မင်းဝင်းကို တင်ပြတယ်။ သူ့ရဲ့ ခွင့်ပြုချက်နဲ့ အသင်းချုပ် က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ တင်ပြခွင့်ရခဲ့တယ်။ နောက်ဆုံး မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်အသင်းကြီးကို တည်ထောင်ဖြစ်တယ်။ အခုတော့ ဒီအသင်းကြီး မှာ တိုင်းရင်းသားအလိုက် အသင်းခွဲတွေ ဖွင့်လှစ်ထားတာ တွေ့ရတယ်။ အခုလိုဖြစ်လာတာကို တစ်ဖက်တစ်လမ်း က ပါဝင်နိုင်ခဲ့တဲ့အတွက် ကျေနပ်မိတယ်။ ဝမ်းသာ ကြည်နူးမိတယ်။

 

မြစ်ကြီးနားမှာ လုပ်တဲ့ပွဲကို ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအဖွဲ့က ကြီးမှူးခဲ့တာ။ တစ်နိုင်ငံလုံးမှာ ဖွင့်လှစ်လှုပ်ရှားနေတဲ့ အသင်းတွေက စုရုံးပြီးလာကြတာ။ ပွဲကြီးကို ခမ်းခမ်းနားနားလုပ်နိုင်ခဲ့တယ်။ ရန်ကုန်ကနေ မန္တလေးကတစ်ဆင့် မြစ်ကြီးနားကို ကျွန်တော်တို့ နှစ်ယောက် လေယာဉ်နဲ့ထွက်ခဲ့တာ ခရီးက ၂ နာရီကျော်။ လေယာဉ်ကွင်းရောက်တော့ အခမ်းအနားနဲ့ ကြိုနေကြ တယ်။ အမှန်တော့ နေပြည်တော်က လာမယ့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ဝန်ကြီးများအဖွဲ့ကို ကြိုနေ ကြတာပါ။ ရန်ကုန်က လေယာဉ်ပျံက စောစောရောက် တော့ “ဆင်ဖြူမှီကြံစုပ်” သလိုဖြစ်ခဲ့တာ။ တည်းခိုမယ့် ဟိုတယ်ကို ဦးခါးလီက လိုက်ပို့တယ်။ သူက ကချင်တိုင်း ရင်းသားလုပ်ငန်းရှင်၊ ဖားကန့်မှာ ကျောက်စိမ်းလုပ်ငန်း လုပ်သူ။ အသင်းကြီးရဲ့ပွဲမှာ လာပြီးကူညီနေတာ။

 

ဟိုတယ်မှာ ကျွန်တော်တို့ခဏနားခဲ့တယ်။ ညစာ စားပွဲသွားဖို့ အခန်းကအောက်ဆင်းလာတော့ ဧည့်ခန်း မှာ တိုင်းရင်းသားဝန်ကြီးတွေနဲ့ တွေ့ခဲ့တယ်။ သူတို့နဲ့က ကျွန်တော်ရင်းနှီးတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာ ဒေသအလိုက် တိုင်းရင်းသားဝန်ကြီးတွေကို တာဝန် ပေးထားတာ။ ကျွန်တော်က သူတို့နဲ့ မကြာခဏတွေ့ဖြစ် တယ်။ သူတို့ကလည်း ကျွန်တော်နဲ့တွေ့တော့ ဝမ်းသာနေ ကြတာ။

 

ကျွန်တော်တို့တစ်တွေ ညစာစားပွဲအခမ်းအနား လုပ်တဲ့နေရာကို သွားခဲ့ကြတယ်။ ခန်းမကလည်း အကျယ် ကြီး။ မနောတိုင်ရှိတဲ့ကွင်းထဲမှာ ကျွန်တော်တို့ ရောက်ပြီး မကြာမီ ဒုတိယသမ္မတကြီးနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ ရောက်လာကြ တယ်။ မိန့်ခွန်းတွေ မြွက်ကြားခဲ့ကြတယ်။ လက်ဆောင် တွေ ပေးခဲ့တယ်။ ဖျော်ဖြေမှုတွေကလည်း စိတ်ဝင်စားစရာ ပါပဲ။ တိုင်းရင်းသားဝတ်စုံမျိုးစုံနဲ့ ရှုမငြီးအောင် လှပနေတာ။ အစားအသောက်ကလည်း ထူးခြားတယ်။ ကချင် ရိုးရာအစားအသောက်တွေ ကျွေးမွေးကြတယ်။

 

ကချင်ပြည်နယ်အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု

 

နောက်တစ်နေ့ မနက်မှာ ဒုတိယသမ္မတကြီးက အခမ်းအနားကို ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်ခဲ့တယ်။ မိန့်ခွန်း ပြောပေးခဲ့တယ်။ ဖွင့်ပွဲအခမ်းအနားအပြီးမှာ ကျွန်တော် က ပြင်ဆင်ထားတဲ့ တင်ပြမှုကို လုပ်ခဲ့တယ်။ အမှန်တော့ ကချင်ပြည်နယ်ဟာ သဘာဝသယံဇာတပစ္စည်းတွေ ပေါများတယ်။ အထူးခြားဆုံးက ကမ္ဘာကျော် ကျောက်စိမ်း ထွက်တဲ့ဒေသ။ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင် နိုင်တဲ့ ဆီးနှင်းတောင်တွေ ဖုံးနေတဲ့နေရာ။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့နဲ့လည်း ဆက်စပ်နေတဲ့ဒေသ။ အခုလို အခြေခံတွေကောင်းပေမယ့် ကချင်ပြည်နယ်မှာ ပဋိပက္ခ တွေက အခုထိလွှမ်းမိုးနေသေးတယ်။ လူငယ်တွေကြား မှာလည်း လူညွန့်တုံးစေတဲ့ မူးယစ်ဆေးဝါးအန္တရာယ်က လည်း ရှိနေသေးတယ်။

 

ကျွန်တော့်ရဲ့ တင်ပြချက်မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး မှုအကြောင်းကို ထည့်သွင်းခဲ့တယ်။ ဖွံ့ဖြိုးမှုလို့ပြောရင် စီးပွားရေးပေတံတစ်ခုတင်မက လူမှုရေးပေတံ၊ ကျန်းမာရေးပေတံ၊ ပညာရေးပေတံ၊ နိုင်ငံရေး ပေတံတွေကို စဉ်းစား ဖို့လိုတာကို တင်ပြခဲ့တယ်။ အထူးသဖြင့် Business for Peace (B4P) ငြိမ်းချမ်းရေးအတွက် စီးပွားရေးအကြောင်း ပြည့်ပြည့်စုံစုံတင်ပြခဲ့တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ ကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့တိုက်တွန်းခဲ့တယ်။ အခုလိုပြောတဲ့နေရာမှာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင် ဖို့မဟုတ်ဘဲ မိမိလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လိုက်နာဆောင်ရွက်ရမယ့် အခြေခံ အချက်လေးချက်ကို တင်ပြခဲ့တယ်။ ပထမအချက်က တော့ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ဖို့၊ ဒုတိယကတော့ ဝန်ထမ်းများကို ပြုစုစောင့်ရှောက်ဖို့၊ တတိယအချက်ကတော့ ပတ်ဝန်းကျင်ကို ကာကွယ်ထိန်း သိမ်းဖို့နဲ့ နောက်ဆုံးအချက်ကတော့ အဂတိလိုက်စားမှု ကို ရှောင်ရှားဖို့ ဖြစ်ပါ တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ ဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ လှုပ်ရှားနေကြ သူတွေ ဖြစ်တယ်။ သူတို့ကြောင့် အလုပ်အကိုင်အခွင့် အရေးတွေ ဖော်ထုတ်နိုင်တယ်။ တိုင်းပြည်ရဲ့ဒေသဖွံ့ဖြိုးမှု ကို တစ်ဖက်တစ်လမ်းက အကူအညီပေးနိုင်တယ်။

 

ကချင်ပြည်နယ်ရဲ့ စီးပွားရေးဘဝမှာ အခြေခံက ကျောက်စိမ်းလုပ်ငန်းဖြစ်တယ်။ ဒီလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အထက်က တင်ပြခဲ့တဲ့ အချက်လေး ချက်ကို လုပ်ငန်းရှင်တွေက တာဝန်ယူပေးရမယ်။ ဒီလို ဆောင်ရွက်ခြင်းဟာ ဒေသရဲ့ တည်ငြိမ်ဖွံ့ဖြိုးမှုကို အားပေး ခြင်းသာဖြစ်တယ်။ ကျွန်တော့်ရဲ့ တင်ပြချက်တွေကို တက်ရောက်လာတဲ့ ပရိသတ်တွေက စိတ်ဝင်တစား နားထောင်နေကြတယ်။ အမှန်တော့ ဟောပြီးတဲ့အခါ အမေးအဖြေကဏ္ဍကို ကျွန်တော်က လုပ်စေချင်တာ။ ဒါပေမယ့် အခမ်းအနားအစီအစဉ်က ကြိုတင်စီမံထားတာ မို့ မလုပ်ဖြစ်ခဲ့ဘူး။ အမေးအဖြေယဉ်ကျေးမှုကို ကျွန်တော် က ပြုစုပျိုးထောင်ချင်တာ။ အခုတော့ ကျွန်တော်တို့ ယဉ်ကျေးမှုက ပြန်ပြီးဆွေးနွေးတာ၊ ‌မေးခွန်းတွေထုတ် တာ၊ ငြင်းတာခုံတာ မရှိကြဘူး။ ပြောချင်တာတွေကို ပြောပြီး ပြီးသွားကြတယ်။ အပြန်အလှန်ဆိုတာ မရှိဘူး။ တစ်ဖက်သတ်ပဲ။ ဘာကြောင့် အခုလိုဖြစ်တာကို စဉ်းစား လို့ မရဘူး။ ကျောင်းတွေ၊ စာသင်ခန်းတွေမှာလည်း အခု လိုပါပဲ။ အပြန်အလှန်ဆိုတာက အားနည်းလှတယ်။

 

အပေးအယူနှင့် Give and Take

 

ကျွန်တော့်တာဝန်အပြီး ပွဲခန်းတွေကို လှည့်ကြည့်ခဲ့တယ်။ ဒေသထွက်ပစ္စည်းတွေက မျိုးစုံ။ အစားအသောက်၊ အဝတ်အထည်တွေ၊ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းတွေ အကြောင်းလည်း ပြသ ထားတယ်။ ပြသနေကြသူတွေ က လူငယ်တွေဖြစ်တာတွေ့ရလို့ အားရမိတယ်။ သူတို့ တစ်တွေနဲ့ပဲ အနာဂတ်ကို လှုပ်ရှားရမှာ။ ပွဲခင်းကနေ တစ်ဆင့် ဦးခါးလီနဲ့ ဇနီးက ကျွန်တော်တို့နှစ်ယောက်ကို မြစ်ဆုံကို လိုက်ပို့ကြတယ်။ လမ်းကကောင်းတယ်။ ခရီးက ၂၅ မိုင်လောက်ပဲရှိတာ။ မြစ်ဆုံတဲ့ နေရာရောက်တော့ တကယ့်ကို ထူးဆန်းတဲ့မြင်ကွင်းကို မြင်လိုက်ရတယ်။ မေခ၊ မလိခနဲ့ ဧရာဝတီမြစ် မြစ်သုံးစင်းကို တစ်နေရာ တည်းတွေ့ရတာ ကြည်နူးမိတယ်။ ကျွန်တော်တို့ရောက် ပြီး မကြာမီဘဲ တိုင်းရင်းသားဝန်ကြီးတချို့လည်း ရောက် လာကြတယ်။ သူတို့နဲ့အတူ စက်လှေနဲ့ မြစ်သုံးစင်းစလုံး ကို သွားရောက်လည်ပတ်ခဲ့တယ်။

 

သာယာတာတော့မပြောပါနဲ့တော့။ ဝမ်းနည်းစရာ က ရေသန့်ဘူးခွံတွေ မျောနေတာမြင်ရတယ်။ ပလတ် စတစ်အန္တရာယ်က မြစ်ဆုံအထိ ကူးစက်နေတာ။ မြစ်ဆုံ အနီး ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်မှာ ငါးကင်တွေ စားသောက်ကြတယ်။ လတ်လတ်ဆတ်ဆတ်မို့ အရသာက သိပ်ကောင်းတာ။ စားသောက်ဆိုင်တွေကို အခုထက်ပိုပြီး သပ်သပ်ရပ်ရပ် စီစဉ်ဆောင်ရွက်သင့်တယ်။ အခုတော့ ဖြစ်နိုင်သလောက်လုပ်နေတာကိုပဲ ကျေးဇူးတင်နေရတာ။ မြစ်ဆုံကိုကြည့်ပြီး စိတ်ထဲမှာ ခံစားချက်မျိုးစုံ။ ကချင် ပြည်နယ်အတွက်သာမက တစ်နိုင်ငံလုံးအတွက်လည်း စဉ်းစားစရာတွေ။

 

ငြိမ်းချမ်းဖို့ကတော့ ပထမဦးစားပေးဖြစ်ရမယ်။ ငြိမ်းချမ်းဖို့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် ယုံကြည် မှုတည်ဆောက်ပြီး နားလည်မှုရအောင် ကြိုးစားကြရမှာ။ ဒီနေရာမှာ “အပေးအယူ” ဆိုတဲ့ စကားကို သတိရမိတယ်။ မြန်မာမှာ “အပေးအယူ” ဆိုတာကို သုံးသလို အင်္ဂလိပ် စကားမှာ “Give and take” လို့ သုံးကြတယ်။ အပေးက အရင် ပြီးမှအယူ။ အယူအပေးဆိုတာမရှိသလို Take and give ဆိုတာလည်း မရှိဘူး။ ကိုယ်ကစ “ပေး” ပြီးမှ ကိုယ်လို ချင်တာကို “ယူ” တာဖြစ်တာ။ လူတိုင်းကို သတိထားစေ ချင်တာ။ လူ့ဘဝမှာ အရေးကြီးဆုံးက ပေးဆပ်ခြင်းသာ ဖြစ်ပါတယ်။ ။

 

မြန်မာ့အလင်း