ညောင်ဦး ၁၆ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ်(၂၈၅) ဝက်ကြီးအင်း ဂူပြောက်ငယ်ဘုရားရှိ နံရံဆေးရေးပန်းချီများ ကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကြံ့ခိုင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝက်ကြီးအင်းဂူပြောက်ငယ် ဂူဘုရားမှာ ညောင်ဦးမြို့နယ် ဝက်ကြီးအင်းရွာ၏ အရှေ့တောင်ဘက်၊ ဝက်ကြီးအင်းချောင်းအနီးတွင် တည်ရှိသော ဂူဘုရားတစ်ဆူဖြစ်သည်။ အေဒီ(၁၂)ရာစုခေတ် ကျန်စစ်သားမင်းကြီးလက်ထက် တည်ဆောက်သောလက်ရာများဟု ယူဆထားသည် အတွင်းတွင် ဘုရားဆောင်၊ အပြင်ပတ်လမ်း၊ ဆင်းတုတော်များထားရှိရာ နံရံချိုင့်များ၊ ရှေးမွန်ဘာသာ ကဗ္ဗည်းစာ များပါသော နံရံဆေးရေးပန်းချီများနှင့် ငါးရာ့ငါးဆယ်ဇာတ်ကွက်များကို ခြယ်မှုန်းထားသော ဘုရားဖြစ်ကာ ဂူဘုရား၏အပြင်ပိုင်းတွင် ဘီလူးပန်းဆွဲ အင်္ဂတေပန်းလက်ရာများ အလွန်လှပသပ်ရပ် ကောင်းမွန်ပြီး ဂူဘုရား၏ အပေါ်ပိုင်းကွန်းတောင်ပုံမှာလည်း ပုံသဏ္ဌာန်ထူးခြားသည့် ဘုရားဖြစ်ကြောင်း သိရပြီး အဝင်ပေါက်နေရာတွင် ထုံးပလာစတာဖြင့် ရေးဆွဲထားပြီး အတွင်းပိုင်းတွင်မူ မြေပလာစတာဖြင့် နံရံဆေးရေးပန်းချီများကို ရေးဆွဲထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစု၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းထံက သိရသည်။ အဆိုပါ ဘုရားရှိ ပလာစတာများ ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ကိုရီးယားနိုင်ငံတွင် ပညာသင်တက်ရောက်ခဲ့သူ တစ်ဦးက သုတေသနပြု လေ့လာခဲ့ကြောင်း သိရကာ (၂၀၁၆) ခုနှစ်အတွင်း လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် အဆောက်အအုံ၏ တိုက်မပိုင်းတွင် အရှေ့ခြမ်းမှာအက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး နံရံပန်းချီအချို့ ပြုတ်ကျပျက်စီးခဲ့ကြောင်း ကျန်ရှိသည့် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေပန်းများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် ဘုရားပေါ်ရှိ ညောင်ပင်သတ်ခြင်း လုပ်ငန်းတို့ကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဓာတုဗေဒဌာနစိတ်မှ ဝန်ထမ်းများမှ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။
မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း