မကွေး ၁၆ ဒီဇင်ဘာ
လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မကွေး)တွင် ဖွင့်လှစ်ရောင်းချခဲ့သည့် စာအုပ်ဆိုင်များ ပွဲတော် နောက်ဆုံးရက်ဖြစ်သည့် တတိယနေ့တွင် ရောင်းအား ပိုမိုကောင်းမွန်ကြောင်း သိရသည်။
“ဒီပွဲတော်စပြီးကျင်းပတဲ့နေ့ကတော့ လာတဲ့သူများပေမယ့် စာအုပ်ဆိုင်ဖွင့်ဖို့ ပေးတဲ့နေရာက အတွင်းလမ်း နေရာတွေမှာ ဖြစ်နေတော့ သိရှိမှုနည်းတဲ့အတွက် သိပ်မရောင်းရဘူး ပွဲတော်နောက်ဆုံးရက်မှာ ကျွန်တော်တို့ ဆိုင်တွေအားလုံးကို ဘွဲ့နှင်းသဘင်ခန်းမအဝင် လမ်းတစ်လျှောက်မှာ ရွေ့ပြီးရောင်းချခွင့်ပေးတဲ့အတွက် ပထမနေ့နဲ့ ဒုတိယနေ့မှာ ကျပ်နှစ်သိန်းဝန်းကျင်စီပဲ ရောင်းရပေမယ့် ပွဲတော်နောက်ဆုံးရက်မှာတော့ ကျပ်ရှစ်သိန်းကျော်ဖိုးအထိ ရောင်းအားက သိသိသာတိုးတက်သွားတယ်၊ ကျွန်တော့်ဆိုင်မှာ သုတရသနဲ့ ဗဟုသုတစာအုပ်မျိုးစုံကို ကြိုက်တာရွေးယူတစ်အုပ်ကို ၅၀ဝ ကျပ်နဲ့ ရောင်းပေးတဲ့အတွက် လက်မလည်အောင် ရောင်းရတယ်" ဟု ရန်ကုန်မြို့မှ လာရောက်ဖွင့်လှစ်ရောင်းချသည့် ရွှေမြန်မာစာအုပ် ဆိုင်မှ ကိုထက်စိုးက အားပါးတရ ပြောသည်။
အဆိုပါပွဲတော်သို့ ပခုက္ကူမြို့နယ်မှ လာရောက်ကြသည့် ကျောင်းသား ကျောင်းသူ များကလည်း “ဒီလိုပြခန်းအစုံအလင်နဲ့ ကြိတ်ကြိတ်တိုးစည်ကားနေတဲ့ ပွဲတော်ကြီးနဲ့ စာအုပ်ဆိုင်တန်းကြီးကို မြင်တွေ့ရတာ အားရကျေနပ်လွန်းလို့ ပြခန်းတွေအစုံလျှောက်ကြည့်ပြီး စာအုပ်တွေကိုလည်း စိတ်ကြိုက် ဝယ်ခဲ့ပါတယ်၊ ဒီပွဲတော်ကြီးကို လာရောက် လေ့လာရတာ သမီးတို့အားလုံး ပျော်ရွှင်ရပါတယ်” ဟုပြောသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး)ကျင်းပသည့် ကာလအတွင်း မကွေးတက္ကသိုလ်အတွင်း၌ ပွဲတော်လာပြည်သူများနှင့် စည်ကားနေသကဲ့သို့ မကွေးတက္ကသိုလ် အနီးဝန်းကျင်ရှိ ဆိုင်များလည်း ရောင်းအားကောင်းမွန်ပြီး မကွေးမြသလွန်ဘုရား၌လည်း ဘုရားဖူးလာ ကျောင်းသားလူငယ်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား) ဓာတ်ပုံ-ဟိန်းမင်းစိုး