ရန်ကုန် ၁၆ ဒီဇင်ဘာ
ကာတာနိုင်ငံအမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ်၌ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.Mansoor Mubarak Al-Khayarin နှင့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့က ကာတာနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် သံရုံးယာယီတာဝန်ခံတို့က တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံရုံးယာယီတာဝန်ခံက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)