နေပြည်တော် ၁၇ ဒီဇင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၁၉)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံး ဝင်လာစေရန် မဟာဗျူဟာ ရည်မှန်းချက်တစ်ရပ်ချမှတ်ပြီး ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးအက် ဥပဒေနှင့်အညီ ၁၉၅၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ ၁၉၅၄ ခုနှစ် ဥပဒေအကောင်အထည်ဖော်ပြီး (၅၈)နှစ်အကြာတွင် အာမခံအလုပ်သမားများကို ပိုမိုထိရောက်သော အကျိုးခံစားခွင့်များ ပေးနိုင်ရန်အတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော အရည်အသွေး ပြည့်မှီသည့် ဆေးကုသမှုဝန်ဆောင်မှုကို ဆောင်ရွက်ပေးရန်နှင့် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးရာတွင် ပိုမိုလွယ်ကူလျင်မြန်ရန်အတွက် ပြုပြင်ပြောင်းလဲမှု(၄)ရပ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)အပြင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ နည်းပညာအကူအညီရယူပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။
ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် Provider Purchaser Split (PPS) စနစ်ကို အကောင်အထည်ဖော်ရန် Pilot စီမံကိန်းကို ရေးဆွဲခဲ့ပြီး Pilot ဆေးခန်း (၇) ခန်းကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများကို အဆင့်မြှင့်တင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီ ရယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူများက လူမှုဖူလုံရေး အဖွဲ့အစည်းအဝေး(၁/၂၀၁၈)၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှုနှင့် ရှေ့လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြပြီး လုပ်ငန်းဆောင်ရွက်ချက်တင်ပြခြင်း (၂၈)စောင်နှင့် ဆုံးဖြတ်ရန်အချက် (၆)ချက်တို့ကို သဘောတူအတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခြင်းများ ဆောင်ရွက်ကြသည်။
လူမှုဖူလုံရေးစီမံကိန်းအရ ပြည်ပတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လူမှုဖူလုံရေးအခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် နှစ်နိုင်ငံ သဘောတူညီချက်တစ်ရပ်ကို မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့နှင့် လက်မှတ်ရေးထိုးရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အပြင် ထိုင်းနိုင်ငံနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်