နေပြည်တော် ၁၀ ဇန်နဝါရီ 


နိုင်ငံတော်၏ အနာဂတ်စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အထောက်အပံ့ဖြစ်စေရေး၊ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများ အတည်ပြုထုတ်ပြန်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်သော မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံချက်များကို အတည်ပြုထုတ်ပြန်နိုင်ရေး အပါအဝင် မွေးမြူရေးကဏ္ဍတွင် ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရာတွင် မွေးမြူရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ တိကျစွာ သိရှိစေရေးတို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူခဲ့သော တိရစ္ဆာန်ကောင်ရေစာရင်းအား အတည်ပြုထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဟိုတယ်ဇုန် Kempinski Hotel ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO ၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအဖွဲ့ Livelihood and Food Security Trust (LIFT Fund) နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြုထုတ်ပြန်ရန်နှင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်သောမူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံချက်များကို ရေးဆွဲအတည်ပြုနိုင်ရန်တို့ကို ရည်ရွယ်ပြီး အဆင့်ဆင့် စီမံချက်ချကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီတွင် မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများ၏ ၂၀ ရာခိုင်နှုန်းတွင်လည်းကောင်း၊ စီးပွားဖြစ်ခြံများစာရင်းကို ၂၀၁၈ ခုနှစ်၊ မေလတွင်လည်းကောင်း ကောက်ယူခဲ့ပြီး ယနေ့ထုတ်ပြန်သော စာရင်းမှာ မြို့နယ်ပေါင်း (၂၇၅)မြို့နယ်ရှိ ကျေးရွာ (၁၂၂၀၃) ရွာနှင့် ရပ်ကွက် (၅၃၀)ရပ်ကွက်မှ အိမ်ထောင်စုစုစုပေါင်း (၁၅၆၇၀၇၀)တွင် ကောက်ယူခဲ့သော စာရင်းကို အခြေခံ၍ ထုတ်ပြန်ခြင်းဖြစ်သည်။ 


ထိုစာရင်းများအရ စာရင်းကောက်ယူခဲ့သော ကာလအတွင်း မွေးမြူထားသော တိရစ္ဆာန်ကောင်ရေများမှာ ခိုင်းနွားကောင်ရေ (၉ ဒသမ ၅ သန်း)၊ နို့စားနွား (ဝ ဒသမ ၁၁)သန်း၊ ကျွဲကောင်ရေ (၁ ဒသမ ၈) သန်း၊ သိုးဆိတ်ကောင်ရေ (၂ ဒသမ ၁)သန်း၊ ဝက်ကောင်ရေ (၅ ဒသမ ၈)သန်း၊ ကြက်ကောင်ရေ သန်း(၇၀)၊ ဘဲ၊ ကြက်ဆင်၊ ဘဲငန်း၊ မန်ဒါလီ (၈ ဒသမ ၉)သန်းနှင့် ခွေးကောင်ရေ (၃ ဒသမ ၈)သန်းရှိကြောင်း သိရသည်။


မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို အခြေခံ၍ အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သောအသား၊ နို့၊ ဥ၊ နို့ထွက်ပစ္စည်းနှင့် အခြားမွေးမြူထုတ်လုပ်နိုင်မှုနှင့် စွမ်းအားများ တွက်ချက်ခြင်း၊ မူဝါဒများ ချမှတ်အကောင်အထည် ဖော်ခြင်းတို့အား ဆက်စပ်ဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ မိတ်ဘက်အဖွဲ့အစည်းများနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


(သတင်းစဉ်)