တာချီလိတ် ၁၀ ဇန်နဝါရီ

ဇန်နဝါရီ ၉ ရက် ညပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်(က)ရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်တို့၌ ကျပ်သိန်း ၂၀ဝဝ တန်ဖိုးရှိ အိုက်စ်များကို မူးယစ်ဆေးဝါး သယ်ဆောင်သူနှင့် ရောင်းချသူ နှစ်ဦးထံမှ ဖမ်းဆီးရမိသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ည ၉ နာရီ မိနစ် ၅၀ တွင် မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်၊ ဝမ်မိုင်ရွာ၊ ခရစ်ယာန် ဘုရားကျောင်းလမ်းတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် စိုင်းရှဲန်လာ (ခ) စိုင်းရှဲန်လှ မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏ ကျောပိုးအိတ်အတွင်းနှင့် ဆိုင်ကယ်တူးဘောက်အတွင်းမှ အိုက်စ်ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန် တစ်ကီလိုခန့်စီပါ ၁၀ ထုပ်၊ အလေးချိန် ၁၀ ကီလိုခန့် (ဒေသတန်ဖိုး ငွေကျပ်သိန်း ၂၀ဝဝ) ခန့်နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိ၍ သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

စိုင်းရှဲန်လာ (ခ) စိုင်းရှဲန်လှအား စစ်ဆေးချက်အရ သိမ်းဆည်းရမိ အိုက်စ်များမှာ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဟံသာဝတီလမ်း၊ အမှတ်(၈/၃)တွင် ဒေါ်မွှေးလိန် ရောင်းချခိုင်းသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် ဒေါ်မွှေးလိန် နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်းထံမှ မူးယစ်ဆေးဝါး ရောင်းချပေးရန် ဆက်သွယ်ပြောဆိုခဲ့သည့် ဖုန်းတစ်လုံးအား တွေ့ရှိရပြီး သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

အမှုမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းရှဲန်လာ (ခ) စိုင်းရှဲန်လှ (၃၂)နှစ် ဆန်ဆိုင်း (က) ရပ်ကွက်၊ တာချီလိတ်မြို့နေသူနှင့် မူးယစ်ဆေးဝါး ရောင်းချပေးရန် စေခိုင်းခဲ့သူ ဒေါ်မွှေးလိန် (၄၈)နှစ် ဆိုင်ဆန်း (ခ) ရပ်ကွက်၊ တာချီလိတ်မြို့နေသူတို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)