နေပြည်တော် ၁၀ ဇန်နဝါရီ

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၄၈/၇)အနီးတွင် ယနေ့နံနက် ၂ နာရီက ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဇီးပင်သာအမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၅)ရပ်ကွက်နေ ခင်မောင်ဇော်မောင်းနှင်လာသော 5P/×××× YUTONG ရွှေလွန်ပျံ EXPRESS ခရီးသည်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းယာဘက်ဘေးတွင် ကာရံထားသည့် သံဇကာခြံစည်းရိုးအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ယာဉ်မှာ (၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိသည်။

ထို့အတူ ဇန်နဝါရီ ၉ ရက် ည ၇ နာရီ ၅ မိနစ်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၃/၅)အနီးတွင် လေးအိမ်စုကျေးရွာနေ ကျော်ကျော်မောင်းနှင် လာသော YINXIANGE-110 အနက်ရောင်ဆိုင်ကယ်သည် အမြန်လမ်းမကြီးအား အနောက်ဘက်မှ အရှေ့ဘက်သို့ ဖြတ်ကူးစဉ် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဌေးကြွယ် (က)ရပ်ကွက်နေ မြင့်သန်းထွန်း မောင်းနှင်လာသော 6L/×××× HIACE အဖြူရောင်ယာဉ်ဖြင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် ကျော်ကျော်တွင် ဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ကယ်စီးနင်းခွင့်မရှိသည့် အမြန်လမ်းမကြီးပေါ်သို့ တက်ရောက်မောင်းနှင်သူနှင့် ခရီးသည်တင်ယာဉ်မောင်းတို့အား သက်ဆိုင်ရာအမြန်လမ်းရဲတပ်ဖွဲ့က  အရေးယူထားကြောင်း သိရသည်။

ညီညီသန်း(နေပြည်တော်)
ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့

 

mdn