ကျိုင်းတုံ  ၁၀ ဇန်နဝါရီ  


ဇန်နဝါရီ ၄ ရက်က ဘူးသီးတောင်မြို့နယ်၊ ကထီးလှ ရဲကင်းစခန်း တိုက်ခိုက်ခံရ၍ ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ရဲတပ်သား ဖားဖာ့၏ မိဘများထံ ယနေ့ နေ့လယ်ပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ကျိုင်းတုံ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်ဆွေသည် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေအုပ်စု၊ နောင်လျန် (၂) ကျေးရွာရှိ ရဲတပ်သားဖားဖာ့၏ ဖခင် ဦးအာချေးနှင့် မိခင် ဒေါ်မီတီးတို့ နေအိမ်သို့ ကျေးရွာရပ်မိရပ်ဖများနှင့်အတူ သွားရောက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ (၁၀)သိန်းကျပ်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ (၃)သိန်းကျပ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ (၅)သိန်းကျပ်၊ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ (၁) သိန်းကျပ်၊ နယ်စပ်ခြံစည်းရိုးအဖွဲ့မှ ထောက်ပံ့ငွေ (၁) သိန်းကျပ် စုစုပေါင်းထောက်ပံ့ငွေ သိန်း (၂၀) ကို ရဲတပ်သား ဖားဖာ့၏ မိဘများအား ပေးအပ်ပြီး နှစ်သိမ့်စကားပြောကြားခဲ့သည်။ 
အလားတူ ဇန်နဝါရီ ၅ ရက်ကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ထောက်ပံ့ငွေကျပ် (၁၀) သိန်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ (၅) သိန်းနှင့် ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှ (၂) သိန်း ထောက်ပံ့ပေးခဲ့သည်။


ရဲတပ်သား ဖားဖာ့သည် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေအုပ်စု၊ နောင်လျန်(၂)ကျေးရွာမှ အသက် (၂၂)နှစ်အရွယ် အာခါတိုင်းရင်းသား တစ်ဦးဖြစ်သည်။ ကျိုင်းတုံ အဝေးသင်တက္ကသိုလ် တက်ရောက်နေသူဖြစ်ပြီး ဘူးသီးတောင်မြို့နယ်၊ ကထီးလှ ရဲကင်းစခန်း၌ တာဝန်ထမ်းဆောင်နေစဉ်  ဇန်နဝါရီ ၄ ရက် တိုက်ခိုက်ခံရမှုတွင် ကျဆုံးခဲ့ခြင်း ဖြစ်သည်။ 


မောင်မောင်နိုင်(ကျိုင်းတုံ)