မြန်မာပြည်ကြီး စတင်ဖြစ်တည်ရာဒေသ၊ ဧရာဝတီမြစ်ကြီး စတင်စီးဆင်းရာနေရာသည် ကချင်ပြည်နယ် မြောက်ဖျားဖြစ်သည်။ သဘာဝသယံဇာတများနှင့် အလှအပများ ပေါများြွကယ်ဝသည့် ထိုဒေသတွင် အလှအပများမှာ တိမ်သလာဖုံးနေသည်။ သဘာဝတောတောင်အလှအပ အရင်းအမြစ်များကို အများပြည်သူတို့ လွတ်လပ်ပွင့်လင်းစွာ အသုံးမပြုနိုင်။ ရံဖန်ရံခါတွင် သေနတ်သံများ၊ အချို့နေရာများတွင် တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများ ရှိနေဆဲဖြစ်သည်။

အကယ်၍သာ အဆိုပါဒေသတစ်ခွင်လုံး ငြိမ်းချမ်းသာယာနေမည်ဆိုလျှင် ထိုဒေသမှာ မလွဲဧကန် ဖွံ့ဖြိုးတိုးတက်လာမည်မှာအမှန်။ ထိုဒေသ၏ အိမ်နီးချင်းနိုင်ငံ ပတ်ဝန်းကျင်ကို ကြည့်မည်ဆိုလျှင် ငြိမ်းချမ်းသာယာခြင်း၏ အနှစ်သာရများအား မြင်တွေ့နိုင်မည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ခရီးသွားလုပ်ငန်းများပေါများရာ အကောင်းဆုံးဒေသဖြစ်သည်။ ပြည်သူများမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများစွာဖြင့် အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ကြသည်။

“ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းသွားပါက ဆယ်နှစ်တာကာလအတွင်းမှာပင် အရှိန်အဟုန်ဖြင့် ထူးထူးကဲကဲတိုးတက်လာနိုင်မည့် အနေအထားကို စိတ်ကူးပုံဖော် မျှော်မှန်းကြည့်ကြစေလိုပါသည်။ ပြည်နယ်သူ ပြည်နယ်သားများအနေဖြင့်လည်း ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် ကချင်ပြည်နယ်၏ အိပ်မက်ကို နှစ်ပေါင်းများစွာမျှော်လင့်လျက်ရှိကြပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံအစည်းအဝေးများသို့ ကချင်ပြည်နယ်ကိုယ်စားပြု တက်ရောက်မှုများ မြင်တွေ့ရမည့်နေ့ကို အားလုံးကလည်း မျှော်လင့်စောင့်စားလျက်ရှိပါသည်” ဟု (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းနိုင်သည့် အကျိုးရလဒ်သည် တိုင်းရင်းသားပြည်သူများ အကျိုးမဖြစ်၊ ဒုက္ခရောက်စေသည်သာမက ဒေသဖွံ့ဖြိုးမှုလည်း ဆုတ်ယုတ်စေသည်။ ထို့အပြင် နိုင်ငံ၏ပုံရိပ်ကျဆင်းစေသည်သာမက ကမ္ဘာ့နိုင်ငံများနှင့်ဒေသတွင်းနိုင်ငံများအလယ်တွင် မျက်နှာငယ်နေရသည်။ ထိုသို့ ဖြစ်ရခြင်းသည် မတူကွဲပြားမှုများ များပြားစွာရှိနေသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံးတန်းတူရည်တူ၊ သဟဇာတရှိစွာဖြင့် ရေရှည်အတူယှဉ်တွဲနေထိုင်နိုင်မှသာလျှင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းရင်းသားဒေသများဖွံ့ဖြိုးကာ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။

ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်အစိုးရကငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန်ကြိုးပမ်းဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ကချင်တိုင်းရင်းသား ပြည်သူများသာမက မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်များကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ တိုင်းရင်းသားပြည်သူများ၏ မျှော်မှန်းချက်၊ တိုင်းရင်းသားပြည်သူများ၏အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ရန်ပြင်ဆင်ခြင်းဖြစ်သည်။

အတိတ်၊ ပစ္စုပ္ပန်တွင် ကြုံတွေ့ရသော အတွေ့အကြုံများ၊ သင်ခန်းစာများကိုရယူ၍ တန်းတူညီမျှရေး၊ ယုံကြည်မှုတည်ဆောက်ရေးကို ဦးစွာယုံကြည်နားလည် လက်ခံပေးသင့်ကြသည်။ မျှော်လင့်ချက်အိပ်မက်များကို အမှန်တကယ်အကောင်အထည်ဖော်နေပြီလားဟု ဆန်းစစ်လေ့လာသုံးသပ်ကြည့်သင့်သည်။ လက်ရှိတွင် နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအတွက် လက်တွေ့အကောင်အထည် ဖော်ပေးနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ တိုင်းရင်းသားအချင်းချင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် ရန်စိတ်နည်းအောင်ကြိုးပမ်းအားထုတ်သင့်သည်။ ဘိုးဘွားအမွေအနှစ် ပြည်ထောင်စုစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သင့်သည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသည် တိုင်းရင်းသားပြည်သူများအားလုံး၏ မျှော်မှန်းချက်ဖြစ်သည်။ အိပ်မက်ဖြစ်သည်။

သို့ဖြစ်ရာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးခရီးလမ်းပေါ်တွင် ကချင်ပြည်နယ်တွင် မှီတင်းနေထိုင်သော တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးသာမက ပြည်ထောင်စုကြီးအတွင်းမှ တိုင်းရင်းသားပြည်သူအားလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရေး လုပ်ငန်းစဉ်များတွင် ညီညီညွတ်ညွတ်ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကြခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်များ အကောင်အထည်ပေါ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။ ကြေးမုံ