ယနေ့ ကမ္ဘာက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေး ပြဿနာအဖြစ် သဘောထားနေကြရသည်။ ကမ္ဘာ့နေရာအနှံ့အပြားမှာ ငလျင်များလှုပ်ခါ၊ မုန်တိုင်းများ တဝုန်းဝုန်း၊ မီးတောင်တို့ ဟိုနားပေါက်ကွဲ သည်နားပေါက်ကွဲ၊ ခြောက်သွေ့ သောနေရာများက ခြောက်သွေ့ကွဲအက်၊ မိုးသည်းထန်သည့်နေရာများက မထိန်းနိုင်မသိမ်းနိုင်၊ ရေကြီးရေလျှံဆိုသည်ကတော့ အထူးတလည်ပင် မဟုတ်တော့သယောင် စသည်ဖြင့် ပြောလို့မကုန် ဆွေးနွေးလို့ မပြီးနိုင် လောက်အောင် အများအပြားဖြစ်နေသည်မှာ နှစ်များပင်ကြာခဲ့ပြီ။ 


ထို့ကြောင့်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြဿနာ ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာအဖြစ် သဘောထားကာ ပညာရပ် ဆိုင်ရာ နယ်ပယ်အသီးသီး ကဏ္ဍအသွယ်သွယ်မှာ အရေးတကြီး လေ့လာကြ၊ ပြောဆိုကြ၊ ဆွေးနွေးကြ လုပ်နေကြခြင်းဖြစ်ပါသည်။ 


ဆေးပညာလောကမှာ သဘာဝဘေးအ္တရာယ်နှင့် ကြုံလျှင် မည်သို့သော ရောဂါမျိုးတွေက အဓိကဖြစ်လာမည်၊ ဘာတွေကို အထူးဂရုစိုက် ကြရမည်၊ မည်သည့်ဆေးဝါးများနှင့် သောက်သုံးရေ သန့်ရှင်းရေးဆိုင်ရာ များကို မည်သို့ပြင်ဆင်ထားရန်လိုသည် စသည် တို့ကဲ့သို့သော အခြေခံ များကအစ သုတေသနများပြုလုပ်နေကြသလို ဆောက်လုပ်ရေး အင်ဂျင်နီယာများ၊ ဗိသုကာများကြားတွင်လည်း သဘာဝဘေးအ္တရာယ် များက ခံနိုင်ရည်ရှိသည့် အဆောက်အအုံများကို မည်သို့နည်းစနစ်များဖြင့် ဆောက်လုပ်ရန်လိုသည်၊ အရေးပေါ်ဖြစ်လာလျှင် မည်သို့သော စနစ်များကို ထည့်သွင်းပုံထုတ်ရေးဆွဲကာ ဆောက်လုပ်ထားမည် စသည် ဖြင့် နယ်ပယ်အသီးသီးမှာ ပြင်ဆင်နေကြသည်။ 


အထူးသဖြင့် တိုက်ရိုက်သက်ဆိုင်နေသည့် သစ်တောဆိုင်ရာ ပညာရှင် များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၊ ရေအရင်းမြစ် ဆိုင်ရာ ပညာရှင်များ၊ စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ ပညာရှင်များ စသူတို့မှာ အမျိုးမျိုးအဖုံဖုံ ကြံဆနေကြရသည်။ 


ပတ်ဝန်းကျင်နှင့် သဘာဝဘေးအ္တရာယ်တို့၏ အနာဂတ် ပြဿနာ တို့ကို ကြံဆကြ၊ ဆွေးနွေးကြရာတွင် အခြားတိုးတက်ဖွံ့ ဖြိုးသော နိုင်ငံတို့ ထက် မြန်မာနိုင်ငံက ပိုမိုအလေးပေး စဉ်းစားဆောင်ရွက်စရာများ ရှိမည်ဟု မြင်ပါသည်။ 


နှစ်ပေါင်းများစွာ ဖွံ့ ဖြိုးတိုးတက်မှုနှင့် ဝေးခဲ့သည့်အတွက် အကျိုး ရလဒ်အဖြစ် အခြားဒေသများနှင့် နှိုင်းစာလျှင် လွန်စွာမပျက်စီးသေးသော နေရာတို့ရှိသည်မှာ မှန်သော်လည်း ခေတ်ကာလတစ်ခုတွင် သဘာဝ သစ်တောများကို စည်းကမ်းတကျမဟုတ်ဘဲ ခုတ်ထွင်ရောင်းချ အပြောင် ရှင်းခဲ့သည့် ဖြစ်ရပ်များမှာ အလွယ်တကူ ချက်ချင်းကုစားလို့ရနိုင်မည် မဟုတ်ပါ။ 


ထို့ကြောင့် မိမိတို့နိုင်ငံက အထူးတလည် ပို၍ပို၍ သတိထားကြရလိမ့် မည်ဖြစ်ပါသည်။ သဘာဝဘေးအ္တရာယ်ဆိုသည်က မျှော်လင့်ထားသည့် အချိန် မျှော်လင့်ထားသလို လာတတ်သည်မျိုးမဟုတ်ဘဲ မမျှော်လင့်သည့် အချိန်မှာ ရုတ်တရက်ရောက်လာတတ်သော အ္တရာယ်မျိုး ဖြစ်ရကား အထူးတလည်နှင့် အရေးတကြီး ဆွေးနွေးနေကြ ကြံဆနေကြရမည့် ပြဿနာအဖြစ် ရှုမြင်ပြီး များစွာလေးနက်ကြရန်လိုပါမည်။ 

အစိုးရအဖွဲ့ဝင်များ လွှတ်တော်များထဲတွင် လုပ်ဆောင်နေကြသည့်ကော်မတီများ ရှိနေသည်ကို မြင်တွေ့နေရသော်လည်း ပြည်သူလူထုကိုနှိုးဆော်အသိပေးရင်း ပိုမိုတကြွ်ကစွာ နားလည်သဘောပေါက်ရေးအတွက်နည်းလမ်းများလည်း ရှာသင့်ပါသည်။

ရေမြောင်းများထဲ အမှိုက်ပစ်သည့် ကိစ္စမျိုးကအစ ပလတ်စတစ်အသုံးပြုမှုလျော့နည်းရေးအဆုံး ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိစိတ်ဓာတ် ပါဝင်နေရေးတို့က က္ဘာနှင့်ချီ အရေးကြီးနေပြီဟု နှိုးဆော် တိုက်တွန်းလိုက်ရပါကြောင်း။ မြန်မာ့အလင်း