နေပြည်တော် ၁၂ မတ်
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသော တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို မတ် ၂၁ ရက်မှ ၂၅ ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ည ၁၁ နာရီအထိ တောင်ကြီးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၅ ရက်တိုင်တိုင်ကျင်းပမည့် အဆိုပါပွဲတော်တွင် ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသားလူမျိုးစုများဖြစ်ကြသည့် တိုင်းလုံ(ရှမ်းကြီး)၊ ဂုံရှမ်း၊ တိုင်းခမ်းတီ၊ တိုင်းဆာ(ခ)မိုင်းတာ၊ တိုင်းလိုင်(ရှမ်း)၊ တိုင်းနေ(ရှမ်း)၊ 'ဝ'၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တအာင်း(ပလောင်)၊ ကိုးကန့်၊ ကချင်၊ ကယန်း၊ ယင်းနက်၊ ယင်းကျား၊ တောင်ရိုး၊ ထနော့၊ လီဆူ၊ အာခါ၊ လားဟူ၊ အဲန် တို့၏ စာပေစာတမ်းဖတ်ပွဲများ၊ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာအသုံးအဆောင်ပြပွဲများ၊ ရိုးရာအစားအသောက်ပြပွဲများ၊ တိုင်းရင်းသားရိုးရာ ဖျော်ဖြေရေးအစီအစဉ်များနှင့် ခေတ်ပေါ်စင်တင်တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်ပြသ ဖျော်ဖြေသွားမည်ဖြစ်သည်။
စာတမ်းဖတ်ပွဲများကို တောင်ကြီးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်လည်းကောင်း၊ ပြပွဲများ၊ ဖျော်ဖြေပွဲများနှင့် ရိုးရာအစားအသောက် ဈေးရောင်းပွဲတော်များကို တောင်ကြီးမြို့ အဝေရာကုန်းသာရာ မီးပုံးပျံကွင်းတွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။
MDN