ပုဂံဒေသရှိ ယွန်းလက်မှုပညာရပ်နှင့် ယွန်းထည်ပစ္စည်းရောင်းအားများ ဖွံ့ဖြိုးရှင်သန်ကောင်းမွန်

မန္တလေး ၂၂ ဒီဇင်ဘာ 

မြန်မာ့ရိုးရာ ပန်းဆယ်မျိုးဝင် ယွန်းလက်မှုပညာရပ်များ ထွန်းကားရာ ပုဂံဒေသတွင် ယွန်းလက်မှုပညာရပ်များ ဖွံ့ဖြိုးရှင်သန်လျက်ရှိပြီး ထုတ်လုပ်သည့် ယွန်းထည်ပစ္စည်းများမှာလည်း ဈေးကွက်အတွင်း ပုံမှန်အတိုင်း ရောင်းအား ကောင်းမွန်လျက်ရှိကြောင်း ယွန်းပညာကောလိပ် ပုဂံမြို့မှ ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်က ပြောကြားသည်။

မြန်မာ့ယွန်းလက်မှုပညာရပ်များ ဆက်လက်ရှင်သန်ထွန်းကားစေရေးအတွက် ပုဂံမြို့ရှိ ယွန်းပညာကောလိပ်မှ ပန်း ၁၀ မျိုး လက်မှု ပညာရပ်စာရင်းဝင် ယွန်းပညာရပ်အား နှစ်နှစ် ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး နှစ်စဉ် သင်တန်းသား ၂၀ဝ ခန့် မွေးထုတ်ပေးနေသည့်အပြင် ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရေးအတွက်လည်း နိုင်ငံတကာ ပညာရှင်များနှင့် ချိတ်ဆက်ကာ နည်းပညာရပ်များ ဖလှယ်၍ ခေတ်မီဆန်းသစ်သော ယွန်းထည်ပစ္စည်းများကို တီထွင်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

a

 

''မြန်မာ့ယွန်းလက်မှုပညာရပ်တွေ ပျောက်ကွယ်ခြင်းမရှိရအောင် ထိန်းသိမ်းစောင့်ရှောက်နေတဲ့အပြင် ထုတ်လုပ်မှုတွေအနေနဲ့လည်း ရှေးခေတ်အသုံးဆောင် ယွန်းထည်ပစ္စည်းတွေသာမက ဆန်းသစ်တီထွင်ထားတဲ့ လူသုံးကုန်ပစ္စည်းတွေကိုလည်း တိုးချဲ့ထုတ်လုပ်ပြီး ယွန်းအတတ်ပညာရပ်တွေ ထွန်းကားအောင် ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိ ပုဂံဒေသရဲ့ ယွန်းထည်ပစ္စည်းရောင်းအား အခြေအနေကလည်း ထုတ်လုပ်ထားတဲ့ ပစ္စည်းနဲ့ ဈေးနှုန်းအပေါ်မှာ မူတည်ပြီး ပုံမှန်အတိုင်းပဲ ကောင်းမွန်နေပါတယ်'' ဟု ၎င်းက ပြောသည်။

 

a

 

လက်ရှိကာလတွင် ပုဂံဒေသသို့ ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုများပြားသော်လည်း လာရောက်ကြသည့် ပြည်ပနိုင်ငံများမှ ဝယ်ယူမှုနည်းပါးနေပြီး ပြည်တွင်းခရီးသွားများကိုသာ အားထားရောင်းချနေရသဖြင့် မြန်မာ့ယွန်းထည် ပစ္စည်းများကို ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားမှုရှိလာစေရန် ဆွဲဆောင်သည့်အနေဖြင့် ယွန်းထည်လက်မှု ထုတ်ကုန် ပစ္စည်း ဈေးရောင်းပွဲတော်ကို ကျင်းပပြလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ယွန်းထည်အသင်း ဘဏ္ဍာရေးမှူး ဦးမျိုးမျိုးက ပြောကြားသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)