ရန်ကုန် ၉ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်တို့မှ အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေးနှင့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဖြင့် မှုခင်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်းပြီး ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)