နေပြည်တော် ၁၀ မေ
ပညာရေးဝန်ကြီးဌာနသည် လက်ရှိအစိုးရ နှစ်နှစ်တာကာလအတွင်း ပညာသင်ယူမှု အခွင့်အလမ်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေးတို့ကို ဦးတည်ကာ အမျိုးသားပညာရေးဥပဒေ၊ အမျိုးသားပညာရေးကို ပြင်ဆင်သည့်ဥပဒေနှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ တွင်ပါရှိသည့်လုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော်နေသည်ကို တွေ့ရပါသည်။
ထိုသို့ အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံ့အနာဂတ်နှင့် ပညာရေးနယ်ပယ်တွင် အဓိကကျသော မူလတန်းကြိုမှစတင်သည့် အခြေခံပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ မြှင့်တင်ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ အခြေခံပညာအဆင့်တွင် ကျောင်းဥပဓိရုပ်ကောင်းမွန် ရေးမှအစ ဆရာ ဆရာမ အရည်အသွေး မြှင့်တင်ရေး၊ ဖြည့်ဆည်းရေး၊ သင်ရိုးညွှန်းတမ်းအသစ်၊ ပြဋ္ဌာန်းစာအုပ်အသစ်တို့သာမက လိုအပ်သော ကိစ္စအဝဝတို့ကို ဆောင်ရွက်နိုင်ရန်အတွက် အကူအညီ အထောက်အပံ့များ ရယူခြင်း၊ နိုင်ငံတော်က ပညာရေးဘတ်ဂျက်ကို တိုးမြှင့်ချထားသုံးစွဲစေခြင်းတို့ကို ဆောင်ရွက်နေသည်။
အဓိကကျသော အခြေခံပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးနေသလို တစ်ဆက်တည်းတွင် အဆင့်မြင့် ပညာရေး တိုးတက်မြင့်မားရေးကိုလည်း အကောင်အထည်ဖော်လျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကျောင်းသား ကျောင်းသူဦးရေ ကိုးသန်းခန့်အတွက် လိုအပ်သော ပညာရေးဆိုင်ရာ အထောက်အပံ့ ကောင်းများကို ဖြည့်ဆည်းပေးနိုင်ရေးမှာ လွယ်ကူလှသည့်ကိစ္စတစ်ရပ်မဟုတ်သည်မှာ အမှန်ဖြစ်သည်။ လက်ရှိ အနေအထားတွင် အခက်အခဲများကြားမှ မြန်မာ့ပညာရေးမြင့်မားတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု များအား အသိအမှတ်ပြုလာကြသည်။
မြန်မာ့ပညာရေးတိုးတက်မြင့်မားရေးကို ယူနက်စကိုကဲ့သို့ အဖွဲ့အစည်းများသာမက နိုင်ငံတကာ အသိုင်းအဝိုင်း များကလည်း ကူညီလာကြသည်ကို တွေ့ရသည်။ မေလ ၈ ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့် ဥရောပနေ့အထိမ်းအမှတ်ဧည့်ခံပွဲတွင် မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံအမတ်ကြီးက မြန်မာ့ပညာရေး အတွက် အီးယူအဖွဲ့ဝင်နိုင်ငံများက ယူရိုငွေ ၂၂၁ သန်း ထောက်ပံ့ရန် သဘောတူ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သတင်းစကားကြားသိရသဖြင့် များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။
အဆိုပါ ပံ့ပိုးထောက်ပံ့ငွေများကို ပညာရေးဝန်ကြီးဌာနသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပြီး မြန်မာ တစ်နိုင်ငံလုံးတွင် အရည်အသွေးမီ ပညာရေးတိုးချဲ့နိုင်ရန် ပံ့ပိုးကူညီခြင်းဖြစ်သည်ဟု ဆိုသည်။ထိုသို့ ထောက်ပံ့ခြင်းသည် မိတ်ဖက်ပူးပေါင်းမှုနှင့် ယုံကြည်မှုကိုပြသသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာရေးရလဒ်များ သိသိသာသာ တိုးတက်ကောင်းမွန်လာစေရေးအတွက် မြန်မာနိုင်ငံ အစိုးရ၏မြင့်မားသည့် ရည်မှန်းချက်များနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တူညီသည့်ရည်မှန်းချက်များ ထားရှိသည်ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုယ်စား သံအမတ်ကြီး ပြောကြားသည့် မြန်မာနိုင်ငံအပေါ်ထားရှိသော စေတနာများမှာ အသိအမှတ်ပြုစရာဖြစ်သည်။ မြန်မာနိုင်ငံ၏ ရှည်လျားသောခရီးလမ်းတွင် အတူလျှောက်လှမ်းနိုင်ရေး၊ မြန်မာနိုင်ငံ၏ခရီးလမ်းသည် ရှည်လျားပြီး အဖုအထစ်များများသည့်လမ်းဖြစ်မည်ဆိုပါကလည်း အဆိုပါလမ်းတွင် ဂုဏ်ယူစွာဖြင့် အတူလျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့မှုများမှာ မြန်မာ့ပညာရေးတိုးတက်မြင့်မားရေးအတွက် တွန်းအားများကို ဖြစ်စေနိုင်သည်။
သို့ဖြစ်ရာ မြန်မာ့ပညာရေးအတွက် အီးယူအဖွဲ့ဝင်နိုင်ငံများက စေတနာထက်သန်စွာဖြင့် ပံ့ပိုးထောက်ပံ့ကူညီမှု သည် မြန်မာကျပ်ငွေအားဖြင့် ၃၅၆ ဘီလီယံဖြစ်ပြီး အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ပညာရေးအတွက် အကောင်းဆုံးအလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။ ။
(ကြေးမုံ)