မောင်သောင်းဝင်း (တမန်ဟောင်း)

 

“လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကိုရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကိုရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးကိုရနိုင်တဲ့ ထူထောင်မှုကိုလုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစား စံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ ... ပြင်ကြဖို့လိုပြီ” ဟု အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးနှင့် ပတ်သက်၍ တိုင်းသူပြည်သားများကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ လွတ်လပ်ရေး၏ ဖခင်ကြီးသည် တိုင်းရင်းသားအားလုံး လွတ်လပ်ရေးကို တန်ဖိုးထားတတ်စေရန် စေတနာထား၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ လိုက်နာဆောင်ရွက်ရန်သည် နိုင်ငံသူ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။

 

လွတ်လပ်ရေးအမွေ

 

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ထူးခြားသောနေ့ရက်များ ရှိကြသည်။ ထိုနေ့များအနက် လွတ်လပ်ရေးနေ့သည် တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့ဖူးသော နိုင်ငံအတွက် များစွာအဖိုးထိုက်တန်လှပေသည်။ ထိုလွတ်လပ်ရေး ပြန်လည်ရရှိရေးအတွက် အသက်သွေး၊ ချွေး၊ အချိန်၊ ငွေကြေးများစွာ ပေးဆပ်ခဲ့ကြရမည် ဖြစ်သည်။ လူသားတို့သည် လွတ်လပ်ရေး၏တန်ဖိုးကို မလွတ်လပ်သော အချိန်မှသာ သိရှိကြသည်။ ထိုအချိန်သည် လွန်စွာနောက်ကျသွားပြီဖြစ်သည်။ ရှေးမြန်မာ ဘိုး၊ ဘွား၊ ဘီ၊ ဘင်တို့သည် နောင်လာနောက်သား တိုင်းရင်းသားအားလုံးအတွက် အဖိုးမဖြတ်နိုင်သော အမွေတစ်ရပ်ထားရှိခဲ့ပါ သည်။ ထိုအမွေကား အခြားမဟုတ်ချေ။ ကျွန်ုပ်တို့အားလုံး အမြဲတစေ တန်ဖိုးထားကြရမည့် လွတ်လပ်ရေးအမွေပင်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျရောက်တော့မည်ဖြစ်သည်။ ထိုနေ့တွင် နိုင်ငံတစ်ဝန်း၌ လွတ်လပ်ရေးအောင်ပွဲများ ကျင်းပကြမည်ဖြစ်သည်။ ထိုသို့ကျင်းပရာတွင် လွတ်လပ်ရေး၏ တန်ဖိုးကို လူငယ်များသိရှိ တန်ဖိုးထားတတ်စေရန် မြန်မာ့သမိုင်းကြောင်းနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတို့ကို ပြောဆိုဆွေးနွေး၊ ရေးသားတင်ပြ မှုများ ပြုလုပ်ပေးသင့်သည်။

 

သမိုင်းကြောင်းရှည်လျား

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ရှေးပဝေသဏီကတည်းကပင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့် ြငှန်းဖြင့် မားမားမတ်မတ်ရပ်တည်ခဲ့သည့် သမိုင်းအထောက်အထားများ ခိုင်လုံစွာရှိနေသည်။ မြန်မာအစ တကောင်းကဟု ဆိုနိုင်ပါသည်။ လွန်ခဲ့သော ဘီစီ ၆၀၀ ခန့်က ဧရာဝတီမြစ်အရှေ့ဘက် ကပ်လျက်ရှိသော သပိတ်ကျင်းနေရာတစ်ဝိုက်တွင် တကောင်းမြို့ကို စတင်တည်ခဲ့သည်ဟု မှတ်သားဖူးပါသည်။ ထို့နောက် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစသည့် မြို့ပြနိုင်ငံများကို ခံ့ညားထည်ဝါစွာ ထူထောင်နိုင်ခဲ့သည်။ ထို့အပြင် အနော်ရထာမင်းကြီးသည် အေဒီ ၁၀၄၄ မှ ၁၀၇၇ အတွင်း ပထမ မြန်မာနိုင်ငံတော်ကြီးကိုလည်းကောင်း၊ ဘုရင့်နောင်မင်း တရားကြီးသည် အေဒီ ၁၅၅၁-၁၅၈၁ ခုနှစ်တွင် ဒုတိယ မြန်မာနိုင်ငံတော်ကြီးကိုလည်းကောင်း၊ အလောင်းမင်းတရားကြီးသည် အေဒီ ၁၇၅၂ မှ ၁၇၆၀ ခုနှစ်အတွင်း တတိယ မြန်မာနိုင်ငံတော်ကြီးကိုလည်းကောင်း ကျယ်ပြောစွာ ထူထောင်ခဲ့သည်။

 

လွတ်လပ်ရေးဆုံးရှုံး

 

သို့သော် ကုန်းဘောင်နောက်ဆုံးမင်းဆက် သီပေါမင်းလက်ထက် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်မူ သူ့ကျွန်ဘဝ လုံးလုံးလျားလျား ကျရောက်ခဲ့ရသည်။ ထိုသို့ ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ရောက်ရှိမှသာ လက်ဝယ်ပိုင်ပိုင် ပြန်လည် ရယူနိုင်ခဲ့သည်။ ကိုလိုနီတို့သည် ၁၈၂၄ ခုနှစ်ကတည်းက အောက်မြန်မာနိုင်ငံကို စတင်ကျူးကျော် သိမ်းပိုက်ခဲ့သဖြင့် သူ့ကျွန်ဘဝကျရောက်ခဲ့ရသည်မှာ နှစ်ပေါင်း ၁၂၀ကျော် ကြာမြင့်သည်။ ထိုကာလများသည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအတွက် နယ်ချဲ့တို့၏ညှဉ်းပန်း နှိပ်စက် ကုပ်သွေး စုပ်မှုဒဏ်များကို ခါးစည်းခံခဲ့ရသည့် ပင်ပန်းကြမ်းတမ်းသော နေ့ရက်များပင်ဖြစ်သည်။

 

တွန်းလှန်တိုက်ခိုက်

 

မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော ပြည်ထောင်စုဖွား တိုင်းရင်းသား သူရဲကောင်းများသည် နယ်ချဲ့တို့က မြန်မာ နိုင်ငံကို သိမ်းပိုက်လိုက်ပြီဆိုကတည်းကပင် ရရာ လက်နက် စွဲကိုင်လျက် နယ်ချဲ့တို့အား အသက်ပေးကာ နည်းလမ်းပေါင်းစုံဖြင့် တိုက်ထုတ်ခဲ့ကြသည်။ ထိုခေတ်က ဗိုလ်ရွဲ၊ ဗိုလ်မင်းရောင်၊ ပုဂံဗိုလ်ချို၊ ဗိုလ်ဥတ္တမ၊ ဆရာစံ စသည့်ခေါင်းဆောင်များမှာ ထင်ရှားခဲ့သည်။ သို့သော် စနစ်တကျ စုဖွဲ့လေ့ကျင့် တိုက်ခိုက်ခြင်းမျိုး မရှိခဲ့သဖြင့် တိုင်းပြည်အတွက် အသက်ကိုသာ စွန့်လွှတ်ခဲ့ကြရသည်။ ဝမ်းနည်းဖွယ်ကောင်းသည့် ဖြစ်ရပ်များပင်ဖြစ်သည်။ ထို့နောက် တိုင်းရင်းသားများအကြား မျိုးချစ်စိတ်ဓာတ် နိုးကြားရှင်သန်လာသဖြင့် ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်းစသည့် လူထုအခြေပြု အဖွဲ့အစည်းများ ဖွဲ့စည်းလှုပ်ရှားလာခဲ့ရာ မြန်မာ့လွတ်လပ်ရေးအတွက် ရောင်ခြည်သန်းလာခဲ့သည်။

 

လွတ်လပ်ရေးအတွက် ကြိုးပမ်း

 

ထိုစဉ်က တပ်မတော်၏ ဖခင်ဖြစ်သည့်အပြင် မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာလည်းဖြစ်သော အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးလျက် အမျိုးသားရေးလှုပ်ရှားမှုများကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်ရေးအတွက် တိတ်တဆိတ် ကြိုးပမ်းလှုပ်ရှားနေရသော သခင်အောင်ဆန်းဦးဆောင်သည့် အဖွဲ့ဝင်များကို ကိုလိုနီနယ်ချဲ့များက ဖမ်းဆီးထောင်သွင်းအကျဉ်း ချမှုများ အရှိန်မြှင့် ဆောင်ရွက်လာခဲ့သည်။

 

သခင်အောင်ဆန်းသည် နယ်ချဲ့တို့၏ဖမ်းဆီးမှုမှ လွတ်မြောက်အောင် လိမ္မာပါးနပ်စွာရှောင်ရှားလျက် နိုင်ငံခြား အကူအညီရရှိရေးအတွက် ပြည်ပသို့ တိတ်တဆိတ် ထွက်ခွာခဲ့ရသည်။ ထို့နောက် ရဲဘော်သုံးကျိပ်နှင့်အတူ ဟိုနန်ကျွန်းတွင် စစ်ပညာကို ဆင်းရဲပင်ပန်းကြမ်းတမ်း စွာသင်ယူခဲ့ရသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ဦးလွန်းဖေနေအိမ်၌ မြန်မာ့လွတ်လပ်ရေးအတွက် အသက်ခန္ဓာ ပေးဆပ် တိုက်ခိုက်သွားမည်ဟု သစ္စာဆိုကာ လက်မောင်းသွေးဖောက် သောက်ခဲ့ကြသည်။ ထိုနေ့၌ပင် ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma Independent Army-BIA) စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ တပ်မတော်သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် တရားဝင်စစ်ကြေညာပြီး ဖက်စစ်တို့ကို စတင်တော်လှန် တိုက်ထုတ်နိုင်ခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေး အတွက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ပရိယာယ်ဝေဝုစ် များလှသော နယ်ချဲ့ တို့သည် လွတ်လပ်ရေးပေးခါနီးတွင် တောင်တန်းဒေသများကို ချန်လှပ်ထားရန် ကြံရွယ်ခဲ့သဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်နှင့်အတူ ကချင်၊ ချင်း၊ ရှမ်း အမျိုးသား ကိုယ်စားလှယ်ကြီး၂၃ ဦးသည် သာတူညီမျှ တလုံးတစည်းတည်း နေထိုင်ကြမည်ဟူသော သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ် ကြီးကို လက်မှတ်ရေးထိုးခဲ့သည်။

 

ပင်လုံစာချုပ်သည် နယ်ချဲ့တို့ထံမှ လွတ်လပ်ရေးရရှိရေး တရားဝင်တောင်းဆိုရာတွင် အခရာကျခဲ့သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးအတွက် မနားမနေ ကြိုးပမ်း နေစဉ် ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တွင် နယ်ချဲ့လက်ပါးစေတို့၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရသည်။ ဗိုလ်ချုပ်၏ မူဝါဒအတိုင်း ဆက်လက် အကောင်အထည်ဖော်ခဲ့သဖြင့် ခြောက်လအတွင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးကြီးကို ပြန်လည်ရယူနိုင်ခဲ့သည်။

 

(၇၂)နှစ်ကြာသည့်တိုင်အောင်

 

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သော်လည်း တိုင်းရင်းသားအချို့သည် နယ်ချဲ့ကိုလိုနီတို့၏ ဝါဒမှိုင်းမိခဲ့ကြသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများအကြား စိတ်ဝမ်းကွဲပြီး တစ်ဦးနှင့်တစ်ဦး သံသယဝင်ကာ လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့ကြသည်။ လက်ရှိ အချိန်အထိ လက်နက်စွဲကိုင်နေဆဲပင်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံသော ငြိမ်းချမ်းရေးကို အပြည့်အဝ တည်ဆောက်နိုင်ခြင်းမရှိသေးဘဲ အချို့သောဒေသများတွင် သေနတ်သံများ ကြားနေရဆဲပင် ဖြစ်သည်။ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။

 

လွတ်လပ်ရေးရရှိခဲ့သည့် အချိန်ကာလသည် (၇၂) နှစ် ပြည့်တော့မည် ဖြစ်သည်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို လက်နက်ကိုင်၍ တည်ဆောက်နိုင်မည် မဟုတ်ချေ။ လက်နက်စွဲကိုင် တောင်းဆိုမှုများ သည် အကျိုးမရှိသော လုပ်ရပ်များပင်ဖြစ်သည်။ တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ မရှိအတူ၊ ရှိအတူ နေထိုင်ခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကိုများအကြား စားပွဲဝိုင်းတွင် ဆွေးနွေးတိုင်ပင် ညှိနှိုင်းအဖြေရှာသွားမည် ဆိုလျှင် (Win-Win) ရလဒ် ရရှိနိုင်ပေသည်။ မတူညီမှုများကို ဖယ်ရှားကာ တူညီသောအချက်များဖြင့် စတင်ဆွေးနွေးသင့်နေပြီဖြစ်သည်။ သာဓကအနေဖြင့် ငြိမ်းချမ်းရေးရရှိသော ဒေသများတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဖော်ဆောင်နိုင်ပြီဖြစ်သည်။ ထို့အပြင် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘ၀များလည်း တိုးတက်လာနေပြီဖြစ်သည်။ ဝမ်းမြောက်ဖွယ်ရာ ပင်ဖြစ်သည်။ ။

 

လွတ်လပ်ရေးအမွေ ထာဝစဉ်ထိန်းသိမ်းထားနိုင်ဖို့ဆိုလျှင်

 

အမှန်တော့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲ နေစေရန်အတွက် အသက်တမျှ အရေးပါလျက်ရှိသည်။ စည်းလုံးညီညွတ်မှုအင်အား ချည့်နဲ့ယိုယွင်းလာသော နိုင်ငံသည် အဘက်ဘက်မှ အနုတ်လက္ခဏာ ဆောင်လာမည်ဖြစ်သည်။ ထို့အပြင် စည်းလုံးညီညွတ်မှုပြိုကွဲလျှင် နိုင်ငံလည်း အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် မောင်းနှင်အားတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား ညီအစ်ကိုများအကြား သံသယများဖယ်ရှားကာ ထာ၀ရ ငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်သွားရန် လိုအပ်မည် ဖြစ်သည်။

 

သာဓကအနေဖြင့် ကမ္ဘာ့နိုင်ငံအချို့တွင် တစ်မြေတည်းနေ တစ်ရေတည်းသောက် ပြည်သူအချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြသဖြင့် ပြည်တွင်းစစ်မီးများ တောက်လောင်နေကြသည်။ အပြစ်မဲ့ပြည်သူများနှင့် ကလေးငယ်များသည် ရွှေ့ပြောင်းဒုက္ခသည်ဘ၀ ရောက်ပြီး အနာဂတ်မဲ့နေကြသည်။ စင်စစ်အားဖြင့် ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ထိုနိုင်ငံများအတွင်း အချင်းချင်းသွေးကွဲကာ တိုက်ခိုက်နေကြခြင်း ပင်ဖြစ်သည်။ အိမ်ကြက်ခြင်းကို အိုးမဲသုတ်၍ တိုက်ပေးနေကြသည်။ ထို့ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် တိုင်းပြည်အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးအမွေကို ထိန်းသိမ်းရာတွင် များစွာအရေးပါလျက်ရှိသည်။

 

ဆိုရလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကြီး ထာဝစဉ်ရှင်သန်နေရန်သည် နိုင်ငံသူ နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြပါသည်။ ထိုလွတ် လပ်ရေးရရှိရေးအတွက် ဘိုး၊ ဘွား၊ ဘီ၊ ဘင်တို့သည် အသက်၊ သွေး၊ ချွေး၊ အချိန်နှင့် ငွေကြေးများစွာ ပေးဆပ်ခဲ့ရသည်။ ထိုသို့ များစွာပေးဆပ်ခဲ့ရသည့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်ရန်သည် ပဓာနကျသော အချက်ပင်ဖြစ်သည်။ တိုင်းတစ်ပါး၏ ဖိနှိပ်အုပ်ချုပ်မှု၊ မလွတ်လပ်မှုအောက်တွင် နေထိုင်ရသည့် ခါးသီးသော အတွေ့အကြုံမျိုး မရှိခဲ့ဖူးသူများသည် လွတ်လပ်ရေး၏ တန်ဖိုးအနှစ်သာရကို လျစ်လျူရှု မေ့လျော့နေတတ်ကြသည်။ လွတ်လပ်သည့်တန်ဖိုးကို မေ့လျော့နေမည်ဆိုလျှင် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပြန်လည်ဆုံးရှုံး သွားရနိုင်ပေသည်။ ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအတွက် အမွေဖြစ်သော လွတ်လပ်ရေးကို သားစဉ်မြေးဆက် ထာဝစဉ် ထိန်းသိမ်းထားနိုင်ဖို့ဆိုလျှင် တိုင်းရင်းသားညီအစ်ကိုများအကြား သွေးစည်းညီညွတ်သည့် စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်တို့ ရှင်သန်ကိန်းအောင်းနေရန် လိုအပ်နေမည် ဖြစ်ပေသည်။ ။

 

မြန်မာ့အလင်း