ရန်ကုန် ၂၈ ဒီဇင်ဘာ
တတိယအကြိမ် လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင်ပွဲတော် (မြန်မာနိုင်ငံပြပွဲ)ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရုပ်ရှင်ရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ကိုရီးယားနိုင်ငံ ဟန်အီရုပ်သံသမိုင်းဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ တတိယအကြိမ်မြောက် ကျင်းပမည့် အဆိုပါရုပ်ရှင်ပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်နှင့် ၅ ရက်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (MMPO) ရုပ်ရှင်ရုံ၌ ကျင်းပ၍ ရုပ်ရှင်ဇာတ်ကားများ အခမဲ့ပြသမည်ဖြစ်ကြောင်း သိရသည်။ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲနေ့၌ မြန်မာ့ရုပ်ရှင် “ငါ့ညီ ငါ့မြေ ငါ့အမေ” ဇာတ်ကားကို ပြသမည်ဖြစ်ပြီး ဇန်နဝါရီ ၅ ရက်တွင် ကိုရီးယားဇာတ်ကားဖြစ်သော “The Tiger” ဇာတ်ကားကို ပြသမည် ဖြစ်သည်။
"ပရိသတ်တွေအနေနဲ့ လွတ်လပ်ရေးအထိမ်းအမှတ်ပြတဲ့ “ငါ့ညီ ငါ့မြေ ငါ့အမေ” ဆိုတဲ့ ရှားရှားပါးပါး ကားလေးကို လာကြည့်သင့်တယ်။ လာကြည့်စေချင်တယ်။ ဒါမှလွတ်လပ်ရေးစိတ်ဓါတ်တွေ ပိုပြီးခိုင်မြဲသွားမယ်၊ လွတ်လပ်ရေးလည်း တည်မြဲသွားမယ်။ နောက်တစ်ခုက “ငါ့ညီ ငါ့မြေ ငါ့အမေ”ဆိုရင် ဉီး(ညွန့်ဝင်း)ရဲ့ အဖေ ရွှေမန်းတင်မောင်က သစ္စာမေတ္တာဆိုပြီး ကုမ္ပဏီထောင်ပြီး ပထမဆုံးရိုက်တဲ့ကားပါ" ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေးက ပြောသည်။
“ငါ့ညီ ငါ့မြေ ငါ့အမေ” ဇာတ်ကားမှာ ၁၉၇၂ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ဇာတ်ကားတစ်ကားဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်သူလူထုကိုယ်တိုင် လက်နက်စွဲကိုင်ကာ အသက်ပေး တော်လှန်ခဲ့ကြပုံများကို ရိုက်ကူးထားပြီး ဒါရိုက်တာအဖြစ် (ဦး)ညွန့်ဝင်းကလည်းကောင်း၊ သရုပ်ဆောင်များအဖြစ် (ဦး) ညွန့်ဝင်း၊ (ဦး) ဝင်းဗိုလ်၊ (ဦး) ဆန်းဝင်း စသော ရွှေမန်းညီအစ်ကိုများ၊ ရွှေမန်းသဘင် ဇာတ်အဖွဲ့သူအဖွဲ့သားများနှင့်အတူ ရုပ်ရှင်ပြဇာတ်မင်းသမီးကြီး (ဒေါ်) ကြည်ကြည်ဌေး၊ (ဒေါ်) နှင်းဆီတို့ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။
မြန်မာ့လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကျင်းပသော အဆိုပါရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီခွဲတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (MMPO) ရုပ်ရှင်ရုံတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)