ဆင်ဖြူကျွန်း ၁၁ ဇန်နဝါရီ      

 

ကျောင်းသားကျောင်းသူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်ပြီး ရှောင်ကြဉ် သတိပြုနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ခံ လျှပ်စစ် အင်ဂျင်နီယာ ဦးမျိုးမင်းနိုင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဇန်နဝါရီ ၁၁ ရက်၊ ယနေ့ နံနက် ၁၀ နာရီက  ဆင်ဖြူကျွန်းမြို့ မြောက်ချောင်းဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူများအား လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲသို့ ဆင်ဖြူကျွန်းမြို့ မြောက်ချောင်းဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၂၈၄ ဦး တက်ရောက်ခဲ့ကြောင်း သိရပြီး၊ အသိပညာပေး ဟောပြောရာတွင် ဆင်ဖြူကျွန်းမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ခံ လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင် က လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ဓာတ်အားလိုင်းပေါ်နှင့် အနီးတစ်ဝိုက်တွင် ဆော့ကစားခြင်း မပြုလုပ်ရန်၊ ရေစိုနေသည့်အချိန်တွင် လျှပ်စီးဝင်နေသည့် ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ခြင်း မပြုရန်စသည့် လျှပ်စစ်အန္တရာယ်ဖြစ်စေမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များနှင့် ဓာတ်အား လိုင်းကြိုးများ ပြတ်ကျနေခြင်းများ တွေ့ရှိပါက လူကြီးမိဘများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့သွားရန်အချက်များကို ပညာပေးရှင်းလင်း ဆွေးနွေးဟောပြောခဲ့သည်။

 

ဟောပြောပွဲအပြီးတွင် တာဝန်ခံလျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်နှင့် ဝန်ထမ်းများအဖွဲ့က တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို လျှပ်စစ်အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ ပညာပေး လက်ကမ်းစာစောင်များကို ဝေငှဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

AEE