မြိတ် ၃၀ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိစည်ပင်သာယာရေးအဖွဲ့ပိုင်ဆိပ်ငယ်ဈေးကြီးကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ စည်ပင်သာယာရေးဘတ်ဂျက်မှခွင့်ပြုငွေကျပ်(၄၉၂ ဒသမ ၅)သန်းဖြင့် အကြီးစား ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်သာယာရေးကော်မတီထံမှသိရသည်။
မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် ယမန်နေ့က မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် ဆိပ်ငယ်စည်ပင်သာယာဈေးကြီး ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်နိုင်ရန်အတွက် ဈေးသူ၊ ဈေးသားများနှင့်တွေ့ဆုံ၍ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးသို့ မြိတ်မြို့နယ်၊ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ္ဦးဖြိုးဝင်းထွန်း၊ မြိတ်မြို့နယ်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဌ ဦးမြတ်ကိုကို နှင့်ကော်မ တီဝင်များ၊ မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးနှင့် စည်ပင်သာယာရေး ဝန်ထမ်းများ၊ ဆိပ်ငယ် စည်ပင်သာယာဈေးကြီး၊ ဈေးကော်မတီ ဥက္ကဌ ဦးမြတ်ရှိန်နှင့်ဈေးကော်မတီဝင်များ၊ဈေးသူ၊ဈေးသားများ၊ စုစုပေါင်းအင်အား(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမြတ်ကိုကို က လက်ရှိ ဆိပ်ငယ်ဈေးကြီး အဆင့် မြှင့်တင်နိုင်ရန် အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးဘတ်ဂျက်မှ ခွင့်ပြုရန်ပုံငွေကျပ် (၄၉၂ ဒသမ ၅)သန်းရရှိထားကြောင်း၊ ဆိပ်ငယ်စည်ပင်သာယာဈေးကြီး၏ အကြီးစားပြုပြင်ခြင်းအနေဖြင့် ဈေးခေါင်မိုးပြန်လည် အဆင့် မြှင့်တင်နိုင်ရန် ဈေးသူ၊ ဈေးသားများ၏ ဆန္ဒသဘောထားအား ခံယူခြင်းဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဆိပ်ငယ်ဈေးအား ပြန်လည်အဆင့်မြှင့်တင်ရာတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ (၄/ ၆)လခန့်အတွင်း အချိန်ယူဆောင်ရွက်ရမည်ဖြစ်သော်လည်း ဈေးသူ၊ ဈေးသားများ၏ အခက်အခဲများတင်ပြလာခြင်းကြောင့် ဈေးပြုပြင်ခြင်းအား တတ်နိုင်သမျှ အမြန်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးသူ၊ ဈေးသားများဘက်မှလည်း မိမိတို့ဒေသ အကျိုးဖြစ်ထွန်းစေမည့် ရေရှည်အကျိုးကို ရှေးရှုပြီးသဘောထားများအား အကြံပြု ဆွေးနွေးပေးရန်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြိုနယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးကြည်စိုး က ဆိပ်ငယ်ဈေးကြီး ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်လက်ရှိ ဆိပ်ငယ်ဈေးကြီး၏ မူလအကျယ်အဝန်းနှင့် ဘတ်ဂျက်လျာထားမှုအခြေအနေအရ ဈေးအား အသစ်ပြန် လည် တည်ဆောက်မည်ဆိုပါက ငွေကျပ်သိန်းပေါင်း ၂၀ဝ၀ဝ ခန့်ကုန်ကျနိုင်ကြောင်းနှင့် စည်ပင်သာယာရေးဘတ်ဂျက်၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ဈေးပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် ဘဏ္ဍာငွေကျပ်(၄၉၂ ဒသမ ၅)သန်းအသုံးပြု၍ ပြန်လည်ပြင်ဆင်မည္ ဖြစ်ကြောင်းနှင့် ဈေးပြန်လည်ပြုပြင်တည်ဆောက်မည့် လျာထားမှုများအား(ပရိုဂျက်တာ)ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဆိပ်ငယ်စည်ပင်သာယာဈေးကြီး၏ဈေးကော်မတီ ဉက္ကဌ ဦးမြတ်ရှိန် မှ ဆိပ်ငယ်စည်ပင်သာယာဈေးကြီး ဈေးခေါင်မိုးအကြီးစား ပြန်လည်ပြုပြင်တည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ ဈေးသူ၊ဈေးသားများအနေဖြင့်ဈေးပြုပြင်ဆောင်ရွက်မည့် စီမံကိန်းကာလတွင်ဈေးရောင်းချခြင်းကိုခေတ္တရပ်နားထားရမည်ဖြစ်၍ အခက်အခဲများရှိနိုင်ကြောင်းဈေးသူ၊ ဈေးသားများ၏ အခက်အခဲများအား ပြန်လည်ငဲ့ကွက်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်ဈေးသူ၊ ဈေးသားများ အနေဖြင့် တစ်ဖက်နှင့်တစ်ဖက်မျှမျှတတ ဝိုင်းဝန်းပူးပေါင်းအကြံပြု ဆွေးနွေးပေးရန်ပြောကြားခဲ့သည်။
ယင်းနောက်တက်ရောက်လာသည့် ဈေးသူ၊ ဈေးသားများက ဆိပ်ငယ်စည်ပင်သာယာဈေးကြီး ခေါင်မိုးအကြီးစားပြန်လည်ပြု ပြင် ရန်ကိစ္စနှင့်ပတ်သက်၍ ဈေးသူ၊ ဈေးသားများက ဈေးပြန်လည်ပြုပြင်ဆောင်ရွက်ရန် လက်ခံသဘောတူမှုရှိကြောင်းနှင့် သို့သော် ဈေးသူ၊ ဈေးသားများအနေနှင့် ဈေးပြန်လည်ပြုပြင်စဉ်ကာလအတွင်း ပြုပြင်နေသည့် ဆိုင်ခန်းများ ပိတ်ထားရမည့်ဖြစ်သောကြောင့် (ယာယီ)ဈေးရောင်းချမှု အစားထိုး နေရာချထားပေးရန်၊ (ယာယီ)ဈေးရောင်းချမှုအား စည်းကြပ်အခွန်ကင်းလွတ်ခွင့်ပေးရန်တို့အား မေးမြန်းဆွေးနွေးခဲ့ရာ မြို့စည်ပင်သာ ယာရေးကော်မတီ ဥက္ကဌ ဦးမြတ်ကိုကို၊ အမှုဆောင်အရာရှိ ဦးကြည်စိုးနှင့် တာဝန်ရှိသူများက ဈေးပြုပြင်စဉ်ကာလအတွင်း၌ (ယာယီ)ဈေးရောင်းချမှု စီစဉ်ဆောင်ရွက်ပေးသွားမည့်အခြေအနေနှင့်(ယာယီ)ဈေးရောင်းချမှုအား စည်းကြပ်အခွန်ကင်းလွတ်ခွင့်ရရှိရန် သက်ဆိုင်ရာအစိုးရအဖွဲ့ထံသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဆိပ်ငယ်စည်ပင်သာယာဈေးကြီးကို အကြီးစား အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်မှုအား သဘောတူလက်ခံကြောင်း အတည်ပြုဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ၊ ဆိပ်ငယ်စည်ပင်သာယာဈေးကြီးသည္ မြိတ်မြို့နယ်တွင် အကြီးဆုံး မြို့ကျက်သရေဆောင်ဈေးကြီးတစ်ခုဖြစ်ပြီး လက်ရှိ တွင်ဈေးရုံ(၃၉)ရုံတွင်ဈေးဆိုင်ခန်းပေါင်း ၁၅၀၃ ခန်းရှိသည်အနက် ဈေးရုံ(၁၆)ရုံအတွင်းရှိ ဈေးဆိုင်ခန်း(၆၂၂)ခန်း(၃၀ဝပေ× ၁၁၃× ၂၀)ကိုငွေကျပ်(၄၉၂ ဒသမ ၅)သန်းဖြင့် ပြန်လည်ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဉီးမြတ်ကိုကိုထံမှ သိရသည်။
မြင့်ဉီး(မြိတ်)