ထားဝယ် ၁၁ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးတွင် (၁၅) ကြိမ်မြောက် ကျန်းမာရေး အလှူတော်ကို သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် စစ်ကိုင်းသီတဂူဇီဝိတဒါန ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်ဇော်၊ ခွဲစိပ်အထူးကု သမားတော်ကြီး ဒေါက်တာ မြသိန်းဟန်အဖွဲ့နှင့် အမေရိကန်နိုင်ငံမှ Aloha Medical Mission အဖွဲ့မှ Dr.Carl Lum ခွဲစိပ်အထူးကုဆရာဝန်ကြီး ဦးဆောင်သော(၁၇)ဦးအဖွဲ့၊ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံအုပ်ကြီးနှင့်၊ အထူးကုဆရာဝန်တို့ ပူးပေါင်းကာ အထွေထွေရောဂါဝေဒနာရှင်များအား အခမဲ့စမ်းသပ် ခွဲစိတ် ဇီဝိတဒါန လှူဒါန်းမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းသီတဂူဇီဝိတဒါန ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော် အထူးကုဆရာဝန်အဖွဲ့မှ ၁၆-၂-၂၀၁၉ ရက်နေ့မှ ၂၀-၂-၂၀၁၉ ရက်နေ့အထိ ကြိုတင် စမ်းသပ်ပေးမည်ဖြစ်ပြီး ၁၇-၂-၂၀၁၉ ရက်နေ့မှ ၂၁-၂-၂၀၁၉ ရက်နေ့အထိ ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရှိရ၍ ဘာသာလူမျိုးမရွေး ကုသနိုင်ကြောင်းနှင့် ဝေဒနာရှင်များကြိုတင် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။
စမ်းသပ်ခွဲစိတ်ကုသပေးမည့် အထွေထွေရောဂါများမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါများ၊ နှလုံး၊ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ရောဂါများ၊ လည်ပင်ကြီးရောဂါ၊ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ အကြိတ်အဖုအလုံးများ ခွဲစိတ်ပေးမည်ဖြစ်ပြီး အူကျရောဂါ၊ မုတ်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ အူအတက်ရောဂါ၊ မီးယပ်သားဖွားရောဂါများနှင့် အမျိုးသမီးရောဂါများကို အမေရိကန် အထူးကုဆရာဝန်ကြီးများက အခမဲ့စမ်းသပ်ပေးမည်ဖြစ်ကြောင်း၊ သွားဖုံးပြုလုပ်ခြင်း၊ သွားနုတ်ခြင်း၊ သွားဖာခြင်း၊ သွားသန့်ရှင်းရေး၊ သွားနှင့်ပတ်သက်သော ရောဂါများ၊ စိတ်ရောဂါသည်များကိုလည်း ကုပေးမည် ဖြစ်ကြောင်း သိရှိရသည်။
အခမဲ့ကုသလိုသည့် ဝေဒနာရှင်များအနေဖြင့် ကိုယ်တိ်ုင်သော်လည်းကောင်း၊ မိသားစုဝင်တစ်ဦးဦးသော်လည်းကောင်း ၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်၊ ကျန်းမာရေးလမ်း၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာအတွင်းရှိ သီတဂူအာရောဂျံဒါန ဆေးရုံတော်ရုံးခန်းတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီး ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့၏ ကျန်းမာရေးအတွက် ဆရာတော်ကြီးနှင့်အတူ ကုသိုလ်ရှင်များက လိုအပ်သောဆေးဝါးနှင့် ဝေယျာဝစ္စအတွက် အလှူရှင်ငွေများကို သီတဂူ ဆေးရုံတော်နှင့် ထားဝယ် KBZ ဘဏ်စာရင်းအမှတ် - ဝ၄၇၁၂၂၀ဝ၀၆၄၆၂ သို့ ထည့်သွင်း၍ဖြစ်စေ လှူဒါန်းနိုင်ကြောင်း ထားဝယ်ပြန်/ဆက်မှ သိရသည်။
MDN