(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုဆောင်းပါး

=============================================

 

 

သိုက်စိုးထွန်း(နတ်ရွာ)

 

လွတ်လပ်တဲ့နိုင်ငံဖြစ်ခဲ့တာ ၇၂ နှစ်ကြာခဲ့ပြီ။ နှစ်ပေါင်း ၇၀ ကျော်ခရီးမှာ အောင်မြင်တာတွေရှိသလို မအောင်မြင်ခဲ့တာတွေ လည်း ရှိမှာပါပဲ။ လွတ်လပ်ရေးရဖို့ဆိုတာကိုက လွယ်တဲ့ကိစ္စမဟုတ်။ တိုင်းရင်းသားအားလုံးရဲ့ အသက်၊ သွေး၊ ချွေးတွေရင်းပြီး ပင်ပန်းဆင်းရဲကြီးစွာနဲ့ ခက်ခက်ခဲခဲ ကြိုးစားတည်ဆောက်ခဲ့ကြရတယ်။

 

အတိတ်သမိုင်းကို ပြန်ကြည့်ပြီး ကိုယ့်တိုင်းရင်းသားတွေဟာ ကိုလိုနီလက်အောက်ကနေ ကိုယ့်လွတ်လပ်ရေးကို ကိုယ်တိုင် ပြန်လည်အရယူနိုင်ခဲ့ကြတယ်ဆိုတဲ့ အချက်ကိုတွေးရင်း ဂုဏ်ယူဝံ့ကြွားစရာဖြစ်ပါတယ်။ အားလုံးရဲ့ ပေါင်းစည်းညီညွတ်မှုနဲ့ အရယူနိုင်ခဲ့တဲ့ လွတ်လပ်ရေးအပေါ်မှာ ဂုဏ်ယူတာနဲ့အတူ ရှေ့ဆက် လျှောက်လှမ်းရမယ့် ခရီးရှည်အတွက်လည်း ကိုယ့်ဘက် က ဘာတွေဆောင်ရွက်ပေးနိုင်မလဲဆိုတာကို တွေးတောကြံဆကြရမှာ ဖြစ်ပါတယ်။


နှစ်ပေါင်း ၇၀ ကျော်ကြာအောင် ပြန်လည်တည်ဆောက်ခဲ့ကြတဲ့ခရီးမှာ တိုးတက်မှုတွေ အထိုက်အလျောက်ရှိပေမယ့် ဆက်ပြီး တည်ဆောက်ယူရဦးမယ့် အရာတွေလည်း ကျန်နေသေးတာကို တွေ့ရမှာပါ။ အထူးသဖြင့် ဒီကနေ့အချိန်အထိ ပြည်တွင်း ငြိမ်းချမ်းရေး ခရီးရဲ့ ပန်းတိုင်ဆီကို မရောက်သေးတာက တိုင်းပြည်အတွက် အထိနာစေတဲ့ အရာတစ်ခုဖြစ်နေပါတယ်။ အမည်းကို အဖြူဖြစ်အောင်၊ အမှောင်ကိုအလင်းဖြစ်အောင် ပြောင်းလဲဖန်တီးနိုင်စွမ်းတွေက ကိုယ့်တိုင်းရင်း သားတွေဆီမှာပဲ ရှိပါတယ်။ အားလုံးလက်တွဲညီညီနဲ့ စိတ်တူကိုယ်တူ လျှောက်လှမ်းကြမယ်ဆိုရင် ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ဆိုတာလည်း တစ်နေ့တော့ အရောက်လှမ်းနိုင်ကြမှာပါပဲ။ ပြည်ထောင်စုတစ်ဝန်းလုံး လွတ်လပ်ရုံသာမက ငြိမ်းချမ်းနေဖို့လည်း အရေးတကြီး လိုအပ်တာဖြစ်တဲ့အတွက် တိုင်းရင်းသားအားလုံးရဲ့ စုပေါင်းအင်အားနဲ့ ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။


ငြိမ်းချမ်းရေးလိုအပ်ချက်သာမက တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လိုအပ်ချက်တွေ၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလိုအပ်ချက် တွေလည်း အများကြီးရှိနေသေးပါတယ်။ လိုအပ်ချက်တွေများလို့လည်း စိတ်ပျက်အားငယ်စရာတော့ မဟုတ်ပါဘူး။ ပြည်ထောင်စုသားအားလုံး ကိုယ်စွမ်းနိုင်ရာဘက်က ထမ်းတင်ကြမယ်ဆိုရင် ဒီပြည်ထောင်စုဟာ ကြာလေလေ အခြေမြင့်လေ လေဖြစ်လာမှာပါပဲ။

 

ပြည်ထောင်စုလို့ ပြောလိုက်တာနဲ့၊ နိုင်ငံတော်လို့ ပြောလိုက်တာနဲ့ တစ်ဦးချင်းတစ်ယောက်ချင်းကနေ မိသားစု၊ အိမ်ထောင်စု တွေဖြစ်လာ၊ အိမ်ထောင်စုတွေကနေ ကျေးရွာတွေ၊ ကျေးရွာအုပ်စုတွေ၊ ရပ်ကွက်တွေ၊ မြို့တွေ၊ မြို့နယ်၊ ခရိုင်တွေဖြစ်လာ၊ ဒီကနေမှ တိုင်းဒေသကြီး၊ ပြည်နယ်တွေဖြစ်လာပြီး ဒီတိုင်းဒေသကြီး၊ ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွေ၊ ပြည်ထောင်စု နယ်မြေတွေကို စုစည်းပြီးတော့မှ ပြည်ထောင်စုရယ်လို့၊ နိုင်ငံတော်ရယ်လို့ ဖြစ်လာတာ မဟုတ်လား။ ဒီတော့ နိုင်ငံတော်ဆိုတာကို အစရှာလိုက်တော့ နိုင်ငံသားတစ်ဦး ချင်းစီအထိ ရောက်သွားတာပါပဲ။ ဒါ့ကြောင့် နိုင်ငံတော် မြင့်မားဖို့၊ ပြည်ထောင်စုကြီး မြင့်မားဖို့ဆိုတဲ့ ခြေလှမ်းကို ပြည်ထောင်စုသား တစ်ဦးချင်းစီကနေ စမှရမယ်လို့ ယူဆရင် လွဲနိုင်စရာတော့ ရှိမှာ မဟုတ်ပါဘူး။

 

လွတ်လပ်ရေးခရီးလမ်းကို လျှောက်ခဲ့တုန်းက ပြည်ထောင်စုတိုင်းရင်းသားအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် အောင်မြင်မှုရခဲ့တဲ့ ဥပမာလိုငြိမ်းချမ်းရေးခရီးလမ်းကို လျှောက်တဲ့အခါမှာလည်း နိုင်ငံသား၊ တိုင်းရင်းသားတစ်ဦးချင်းစီရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်နေတာပါပဲ။ အလားတူပဲ တရားဥပဒေစိုးမိုးရေးနဲ့ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်တဲ့အခါ မှာလည်း နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးနေမှာပါပဲ။ တစ်ဦးချင်း တစ်ယောက်ချင်းစီက ကိုယ့်ကိုယ်ကိုယ် တိုးတက်မြင့်မားအောင် တည်ဆောက် လာနိုင်ပြီဆိုရင် သူ့မိသားစု၊ သူ့ပတ်ဝန်းကျင် တိုးတက်လာမှာပါ။ သူလည်းကြိုးစားမယ်၊ ကိုယ်လည်းကြိုးစားမယ်ဆိုရင် သူလည်းတိုးတက်၊ ကိုယ်လည်းတိုးတက်၊ တိုင်းရင်းသားအများစု တိုးတက်လာကြပြီဆိုတဲ့ အချိန်မှာ ဒီတိုင်းရင်းသားတွေနဲ့ စုစည်းတည်ဆောက်ထားတဲ့ ပြည်ထောင်စုကြီးဆိုတာကလည်း တိုးတက်လာရစမြဲပါပဲ။


တိုးတက်အောင်လုပ်ဖို့ လိုတာမှန်ပေမယ့် နိုင်ငံသားတစ်ဦးချင်းစီအနေနဲ့ ဘယ်ကဏ္ဍကို ဘယ်လောက်အထိမြှင့်တင်ပေး နိုင်မှာမို့လဲလို့ မေးစရာရှိပါတယ်။ သိပ်အဝေးကြီးစဉ်းစားနေစရာတော့ မလိုပါဘူး။ လက်ရှိ ကိုယ်လုပ်နေတဲ့အလုပ်လေးကို ဒီထက်ပိုကောင်းသွားအောင် တစ်ဆင့်မြှင့်နိုင်ဖို့ ကြိုးစားပေးလိုက်ရုံပါပဲ။

 

ကိုယ်က တောင်သူလယ်သမားတစ်ဦးလား။ ဒါဆိုရင် ကိုယ်စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ လယ်ယာထွက်ကုန်ပစ္စည်းကို တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာအောင်၊ အရည်အသွေးပိုမြင့်လာအောင် ကြိုးစားရမှာပါ။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာ အသုံးများလွန်းလို့ ဓာတုဗေဒဓာတ်ကြွင်းများလွန်းနေတဲ့ အခြေအနေကနေ စိုက်ပျိုးရေးပညာရှင်တွေရဲ့ လမ်းညွှန်အကြံပြုချက် တွေ အတိုင်းသာသုံးစွဲပြီး ဓာတ်ကြွင်းအတန်အသင့် လျှော့ချနိုင်တဲ့အခြေအနေရောက်လာအောင် ကြိုးစားရမှာပါ။ ဒီကနေတစ်ဆင့်တက်ပြီး တန်ဖိုးမြင့်ထုတ်ကုန်တွေအထိ ဘယ်လိုလုပ်နိုင် ရင်ကောင်းမလဲဆိုတာကို ဆက်စဉ်းစားရမှာပါ။ တန်ဖိုး မြှင့်တယ်ဆိုတာကလည်း လုပ်အားလေးတစ်ခုလောက် ထပ်ပေါင်းလိုက်ရုံပါပဲ။ ဆီးသီးကို ဒီအတိုင်း အပင်ပေါ်က ပုတ်ချပြီး အလုံးလိုက်ရောင်းလိုက်တာနဲ့ ဆီးယိုတွေ၊ ဆီးတော်ဖီတွေ လုပ်ရောင်းလိုက်တာနဲ့ တန်ဖိုးချင်း၊ အကျိုးအမြတ်ချင်း မတူတာကို သတိပြုရမှာပါ။ မြေပဲတွေ၊ နှမ်းတွေ ထွက်တဲ့ဒေသချင်းအတူတူ မကွေးဒေသကျမှ ပဲယို၊ နှမ်းယိုတွေ စနစ်တကျထုပ်ပိုးပြင်ဆင်ပြီး ဖြန့်ဖြူး ရောင်းချနေနိုင်တာကို အတုယူကြရမှာပါ။ လယ်ယာက ထွက်တဲ့ဆန်စပါးချင်းအတူတူ ကိုယ့်ဆီက ဆန်စပါးကို ဘာ့ကြောင့်ပယ်ပြီး သူ့ဆီကဆန်စပါးကို ဘာ့ကြောင့်ဝယ် သလဲဆိုတာကိုလေ့လာပြီး တွေ့ရှိချက်၊ အကြံပြုချက်တွေ အတိုင်း အကောင်အထည်ဖော်နိုင်အောင် ကြိုးစားကြရမှာပါ။


ကိုယ်က ကုန်ထုတ်လုပ်မှုနယ်ပယ်မှာ လုပ်ကိုင်ဆောင်ရွက်နေသူလား။ ဒါဆိုရင် ကိုယ်ထုတ်လုပ်တဲ့ ကုန်ပစ္စည်းကို မနေ့က ထုတ်လုပ်တဲ့ အရည်အသွေးစံချိန် စံညွှန်းထက် ဒီကနေ့ထုတ်တဲ့အရာတွေက ပိုကောင်းသွားအောင်၊ ဒီကနေ့ထုတ်တဲ့ ကုန်ပစ္စည်းရဲ့ အရည်အသွေး ထက် မနက်ဖြန်ထုတ်လုပ်မယ့် ပစ္စည်းတွေက ပိုပြီးအရည်အသွေးသာလွန်သွားအောင် ကြိုးစားလိုက်မယ်ဆိုရင် ကိုယ့်ကုန်ပစ္စည်းရဲ့အရည်အသွေးက ကြာလေလေ အဆင့်မြင့်လာလေလေ ဖြစ်သွားမှာပါ။ အကန့်အသတ်တွေကြားထဲကပဲ ရနိုင်သလောက် ဖောက်ထွက်စဉ်းစားကြရင်း ရှေ့တစ်လှမ်း နှစ်လှမ်းတိုးပြီး ဆောင်ရွက်ကြ ရင်းနဲ့သာ အရွေ့တစ်ခုကို ရနိုင်တာပါ။


ထုတ်ကုန်မှန်သမျှကတော့ မနေ့ကထက် ဒီကနေ့ ကောင်းနေမှ၊ ဒီကနေ့ထက် မနက်ဖြန်မှာ ပိုကောင်းနေမှ အဆင်ပြေမှာပါ။ ဟိုအရင်က ထုတ်လုပ်ခဲ့တဲ့ အရည်အသွေးအတိုင်း ပြည့်မီဖို့တောင် စားသုံးသူက မနည်းစိစစ်နေရတယ်ဆိုရင် အဆင်မပြေ တော့ပါဘူး။ ကြော်ငြာတာကိုက စက်အသစ်၊ ထုတ်လုပ်မှုနည်းလမ်းအသစ်၊ အရည်အသွေး အသစ်၊ အရသာအသစ်ဆိုတာမျိုးနဲ့ ရဲရဲဝံ့ဝံ့ကြော်ငြာနိုင် ရမှာပါ။ ဒီလိုမဟုတ်ဘဲ ‘နဂိုမူလ လက်ဟောင်းအစစ် အမှန်’ ဆိုတာမျိုးနဲ့ ကြော်ငြာနေရပြီဆိုရင် ကိုယ့်လုပ်ငန်းက မိဘ၊ ဘိုးဘွားချပေးခဲ့တဲ့ လမ်းကြောင်းလေး မပျောက် ပျက်ဖို့ မနည်းထိန်းနေရတဲ့ လုပ်ငန်းတစ်ခုလို ဖြစ်သွား နိုင်ပါတယ်။ ရှေ့ကိုဖောက်ထွက်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။


ကိုယ်က ဝန်ဆောင်မှုပေးတဲ့ဘက်မှာ လုပ်ကိုင်ဆောင်ရွက်နေသူဆိုရင်လည်း ကိုယ်ပေးတဲ့ဝန်ဆောင်မှုကို တစ်နေ့ထက်တစ်နေ့ ပိုပိုကောင်းလာအောင် ဘာတွေ ထပ်ဖြည့်လိုက်ရင် ကောင်းမလဲဆိုတာကို အမြဲကြံဆနေရမှာ ဖြစ်ပါတယ်။ ဈေးကွက်က အပြိုင်အဆိုင်တွေ ပေါ်နေတယ်။ အစဉ်ဆက်တိုက်ကို အသစ်အသစ်တွေ ပေါ်နေကြတယ်။ ဝန်ဆောင်မှုအသစ်အသစ်တွေ အပြိုင်းအရိုင်း ပေါ်ထွက်လာချိန်မှာ ကိုယ့်ဝန်ဆောင်မှုက နောက်ကျကျန်နေခဲ့မယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ ကိုယ်နဲ့ တဖြည်းဖြည်း အလှမ်းဝေးသွားမှာပါ။ ကိုယ်မအောင်မြင်တာလည်း တိုင်းပြည်နဲ့ ဆက်စပ်နေပါတယ်။ အောင်မြင်တာလည်း တိုင်းပြည်နဲ့ ဆက်စပ်နေပါတယ်။


ဝန်ဆောင်မှုဆိုတဲ့ ကဏ္ဍထဲမှာ ပုဂ္ဂလိက ဝန်ဆောင်မှု ကဏ္ဍက အလုပ်ရှင်တွေ၊ ဝန်ထမ်းတွေ ပါဝင်သလို အစိုးရ ကဏ္ဍက ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ လက်ရှိ အနေအထားထက် ပိုတိုးတက်သွားအောင် ကိုယ့်ဘက်က ဘာတွေထပ်လုပ် ပေးနိုင်ဦးမလဲဆိုတာကို အမြဲစဉ်းစား နေသင့်ပါတယ်။ ပြုပြင်ပြောင်းလဲမှုဆိုတာကို လက်ရှိ မူဘောင်အတွင်းကနေ ဘယ်လိုပိုကောင်းအောင် လုပ်သွားမလဲ၊ ဘယ်လောက်ပိုကောင်းအောင် လုပ်သွားမလဲဆိုတာကို စဉ်းစားသင့်ပါတယ်။ လုပ်ငန်းတစ်ခုချင်း၊ ဌာန၊ အဖွဲ့အစည်းတစ်ခုချင်းရဲ့ ပုံရိပ်တွေ မြင့်မားလာတာနဲ့အမျှ တိုင်းပြည်ရဲ့ပုံရိပ်လည်း ဝန်ဆောင်မှု ကဏ္ဍမှာ သိသိသာသာမြင့်တက်လာမှာ ဖြစ်ပါတယ်။ ကိုယ့်လုပ်ဆောင်ချက်တွေဟာ ကိုယ်တစ်ယောက်တည်းကိုသာ ကိုယ်စားပြုနေတာမဟုတ်ဘဲ ဌာန၊ အဖွဲ့အစည်းကတစ်ဆင့် နိုင်ငံတော်ကိုပါ ကိုယ်စားပြုသွားပြီး တိုင်းပြည်ရဲ့ ပုံရိပ်အထိ အပြောင်းအလဲဖြစ်ပေါ်စေနိုင်တာကို သတိပြုကြရမှာ ဖြစ်ပါတယ်။


လုပ်ငန်းအကြီးကြီးလုပ်ကိုင်နေသူ၊ လုပ်ငန်းအလတ် စား လုပ်ကိုင်နေသူ၊ လုပ်ငန်းအငယ်စားလေး လုပ်ကိုင်နေသူ၊ ဘယ်လို လုပ်ငန်းရှင်မဆို ကိုယ့်လုပ်ငန်းကိုယ် တစ်နေ့ထက်တစ်နေ့ ပိုပိုမြင့်မားလာအောင် ကြိုးစားနေကြတာပါပဲ။ ဒါပေမယ့် ဒီနေရာမှာ ကိုယ့်တိုးတက်မှုက တိုင်းပြည်ရဲ့ တိုးတက်မှုနဲ့ပါ ဆက်စပ်နေတယ်ဆိုတာလေးကို ထပ်စဉ်းစားလိုက်တော့ တိုင်းပြည် တည်ဆောက်ရေးမှာ ကိုယ်လည်းပဲ ပါဝင်ဆင်နွှဲနေတာပါလားဆိုတဲ့ အသိနဲ့ အားအင်သစ်တွေလည်း ရလာနိုင်ပါတယ်။
လွတ်လပ်ရေးကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကိုယ်ကျိုးစွန့် အနစ်နာခံသူ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေက ကျောချင်းကပ်၊ ရင်ချင်းအပ် အတူလက်တွဲကြိုးပမ်းမှုနဲ့ အရယူခဲ့ကြပြီး ပြည်ထောင်စုကို အသစ်တစ်ဖန် ပြန်လည်တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့်သူတွေ ထူထောင်ခဲ့ကြ တဲ့တိုင်းပြည်မှာ နေထိုင်ကြလို့ အားလုံးကို ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်ကြဖို့လည်း မတိုက်တွန်းလိုပါဘူး။ ဒီလိုတိုက်တွန်းရင်လည်း လက်တွေ့မကျနိုင်ပါဘူး။ ကိုယ့်အကျိုးစီးပွားကို ရှေ့တန်းတင်ရင်း တိုင်းပြည်ရဲ့ အကျိုးစီးပွားကို မထိခိုက်စေဖို့၊ ကိုယ့်အကျိုး စီးပွားဆောင်ရွက်ရင်းနဲ့ တိုင်းပြည်ရဲ့အကျိုးစီးပွားကိုပါ မြှင့်တင်ပေးဖို့ တိုက်တွန်းခြင်းသာ ဖြစ်ပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးတာဟာ တစ်နည်းအားဖြင့် တိုင်းပြည်ရဲ့အကျိုးစီးပွားကို မြှင့်တင်ရာရောက် တယ်ဆိုတဲ့ အယူအဆကိုလည်း တင်ပြခြင်းဖြစ်ပါတယ်။


မတူညီတဲ့ အမြင်တွေကို စုစည်းပြီး ဘုံတူညီတဲ့ ဦးတည်ချက်တစ်ခုကို ရှာရတာကိုက တိုင်းပြည်ရဲ့အကျိုးစီးပွား မြှင့်တင်ရေးမှာ အရေးပါတဲ့ လုပ်ငန်းကြီးတစ်ရပ် ဖြစ်လာပါတယ်။ အပြောလွယ်သလောက် အလုပ်ခက်တဲ့ လုပ်ငန်းစဉ်ကြီး ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီး အောင်မြင်ဖို့အတွက် ပြည်ထောင်စုသားအားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အားလုံးဆိုတဲ့ စကားလုံးဟာ တစ်ဦးတစ်ယောက်မကျန်ဆိုတဲ့ အနက်အဓိပ္ပာယ်ကိုလည်း သက်ရောက်သွားစေပါတယ်။


လွတ်လပ်ရေးကြိုးပမ်းခဲ့ကြပြီ။ ကြိုးပမ်းခဲ့ကြလို့ အရယူနိုင်ခဲ့ကြတာလည်း နှစ်ပေါင်း ၇၀ တောင်ကျော် လွန်လာခဲ့ပြီ။ ဒီနေ့ဒီအချိန်မှာ တိုင်းပြည်တည်ဆောက်ရေးဟာ အရေးကြီးနေပါပြီ။ ရှေ့ကိုလှမ်းဖို့လိုနေပါပြီ။ လှမ်းလည်း လှမ်းနေကြပြီ။ ရွေ့သင့်သလောက်လည်း ရွေ့လာကြပြီ။ ဒီ့ထက်ပိုပြီး ရွေ့နိုင်ဖို့ဆိုရင် ပြည်ထောင်စုသားအားလုံးရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုအပ်မှာပါ။ ယခုထက် ပိုပြီးမြင့်ဖို့ဆိုရင် ပြည်ထောင်စုသားအားလုံးရဲ့ ပခုံးတွေနဲ့ ဦးထမ်း၊ ပဲ့ထမ်း အကုန်ဝိုင်းထမ်း တင်ကြဖို့လိုမှာပါ။


ပြည်ထောင်စုအကျိုးအတွက် ကိုယ်ဘာတွေ စွမ်းဆောင်ပေးနိုင်မလဲ။ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်က ဘာလဲ။ ဘယ်ကဏ္ဍကို ကိုယ်မြှင့်တင်ပေးနိုင်မလဲ။ ဘယ်လောက်အထိ မြှင့်တင်ပေးနိုင်မလဲဆိုတာကိုကြည့်ပြီး စွမ်းနိုင်သမျှ ထမ်းတင်ကြမှ တိုင်းပြည်က တဖြည်းဖြည်း ဒီ့ထက်ဒီ့ထက်ပိုပြီး မြင့်မားလာမှာပါ။ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ရင်း တိုင်းပြည်ကိုပါ မြှင့်တင်နိုင်အောင် ကြိုးစား ကြရမှာပါ။ ကိုယ်ကျိုးစီးပွားမဖက်ဘဲ တိုင်းပြည်အတွက် အလုပ်လုပ်နိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့်လည်း ကိုယ်ကျိုးစီးပွားနဲ့အတူ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်မယ်ဆိုရင်လည်း ချီးကျူးအပ်တဲ့အထဲမှာ ပါဝင်သူ တစ်ယောက်လို့ ဆိုရမှာဖြစ်ပါတယ်။


ကိုယ်စွမ်းရာဘက်ကနေ တိုင်းပြည်ကို ထမ်းတင်နိုင်သူတွေ ဖြစ်ကြပါစေ။   ။