ညောင်ဦး ၁ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးဧည့်သည်များ လက်ပန်းချီအလှဆွဲခြင်းအား စိတ်ဝင်တစ်စား ဆွဲကြ၍ ပုဂံညောင်ဦးဒေသရှိ အခကြေးငွေဖြင့် လက်ပန်းချီအလှဆွဲခြင်းလုပ်ငန်းလုပ်ကိုင်ကြသူများ ဝင်ငွေရရှိကာ အဆင်ပြေနေကြကြောင်း အလိုတော်ပြည့်ဘုရားအနီး လက်ပန်းချီအလှဆွဲလုပ်ငန်းလုပ်ကိုင်ကြသူများထံမှ သိရသည်။
ယခင်က ပုဂံညောင်ဦးဒေသတွင် လက်ပန်းချီအလှဆွဲခြင်းလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်မျှသာရှိပြီး ယခုအခါ သမိုင်းဝင်တန်ခိုးကြီးဘုရားများနှင့် ပုဂံမြို့ဟောင်းသွား လမ်းဘေး(ဝဲ၊ယာ) များတွင် အခကြေးငွေဖြင့် လက်ပန်းချီအလှဆွဲခြင်း လုပ်ငန်း လုပ်ကိုင်ကြသူများ ပိုမိုများပြားလာခဲ့ကြောင်း ၊ အဆိုပါ လက်ပန်းချီအလှဆွဲခြင်းလုပ်ငန်း လုပ်ကိုင်ကြသူများသည် လက်ပန်းချီဆွဲခြင်းလုပ်ငန်းအပြင် ပုဂံရောက်အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးနိုင်အောင် ယွန်းအုပ်များ ၊ ပုသိမ်ထီး များနှင့် ရုပ်သေးရုပ်များကို ဘုရားစေတီပုထိုးများအနီး အရိပ်ကောင်းသော သစ်ပင်အောက်တွင် ချိတ်ဆွဲစီစဉ်ထားရှိပြီး လုပ်ကိုင်ကြလေ့ရှိရာ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ကြသည့် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူး ဧည့်သည်များက စိတ်ဝင်တစ်စား လာရောက်ဆွဲကြ၍ ဒေသခံပြည်သူများ လက်ပန်းချီအလှဆွဲခြင်းလုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ စီးပွားရေးတွက်ချေကိုက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို လာရောက်လည်ပတ်ကြတဲ့ ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေ ယခုရက်ပိုင်းမှာ အရမ်းများပါတယ်။ ဒီဇင်ဘာကျောင်းပိတ်ရက်နဲ့ တိုက်ဆိုင်နေတော့ ပြည်တွင်း ဘုရားဖူးဧည့်သည်တွေ ပိုပြီးများပါတယ်။ ဘုရားဖူးလာတဲ့ ဧည့်သည်တွေများတဲ့အတွက် ကျွန်တော်တို့ဒေသက ပုဂံအမှတ်တရပစ္စည်း ရောင်းတဲ့သူတွေ ၊ ဘုရားပန်းရောင်းတဲ့သူတွေနဲ့ ကျွန်တော်တို့လို အခကြေးငွေဖြင့် လက်ပန်းချီ အလှဆွဲခြင်းလုပ်ငန်း လုပ်ကိုင်သူတွေ ဝင်ငွေကောင်းပြီး စီးပွားရေးတွက်ချေကိုက်ပါတယ်။ အရင်က ကျွန်တော်တို့ဒေသမှာ လက်ပန်းချီအလှဆွဲခြင်းလုပ်ငန်း လုပ်ကိုင်သူ နည်းပေမယ့် ယခုနှစ်မှာတော့ ဘုရားဖူးလာတဲ့ ပြည်တွင်း ၊ ပြည်ပ ဧည့်သည်တွေက လက်ပန်းချီအလှဆွဲခြင်းပညာကို စိတ်ဝင်စားသူများလာတဲ့အတွက် တစ်ဖြည်းဖြည်းနဲ့ လက်ပန်းချီအလှ ဆွဲခြင်းလုပ်ငန်း လုပ်ကိုင်သူတွေ ပိုပြီးများလာပါပြီ ။ အခကြေးငွေနဲ့ ဆွဲပေးတဲ့ လက်ပန်းချီတွေကတော့ ကနုတ်ပန်းအမျိုးမျိုး နှင့် ပန်းပွင့်ပုံအမျိုးမျိုး တို့ဖြစ်ပြီး ဆွဲပေးရသည့်လက်ပန်းချီပေါ်မူတည်၍ အနည်းဆုံး ငွေကျပ် ၁၅၀၀ မှ အများဆုံး ငွေကျပ် ၄၀၀၀ အထိ ရှိပါတယ်။ ယခုရက်ပိုင်းမှာ ကျွန်တော်တို့ ပုဂံညောင်ဦးဒေသမှာ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေ အလာများလို့ လက်ပန်းချီအလှဆွဲခြင်းလုပ်ငန်း လုပ်ကိုင်ရတာ ဝင်ငွေကောင်းပြီး အဆင်ပြေပါတယ်” ဟု ပုဂံမြို့ဟောင်း မနူဟာဘုရားကြီးအနီး လက်ပန်းချီအလှဆွဲသည့်ဒေသခံတစ်ဦးက ပြောပြသည်။
ရဲဝင်းနိုင် ( ညောင်ဦး )