နေပြည်တော် ၁ ဇန်နဝါရီ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် တည်ဆောက်လျှက်ရှိသည် ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများကို ဒီဇင်ဘာ ၂၉ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဆူရ်ဘုန်လေဆိပ်တည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်တွင် စီမံကိန်း တာဝန်ခံလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်စိုးက ဆူရ်ဘုန်လေဆိပ်တည် ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ပါဝါပွိုင့်ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည့် လုပ်ငန်းညှိနှိုင်းဖြည့်ဆည်းမှုများနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့်အတူ လေဆိပ်တည်ဆောက်ရေး လုပ်ငန်းခွင်၊ ပေ ၆၀ အမြင့်ရှိ လေကြောင်း ထိန်းမျှော်စင်နှင့်တွဲလျှက် တည်ဆောက်ထားသည့် မီးသတ်အဆောက်အဦ၊ DVOR အတွက် Structure Foundataion လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ်တည်ဆောက်ခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း (၆၉)ကွင်းရှိပြီးအပြည်ပြည်ဆိုင်ရာလေဆိပ် (၃)ခုနှင့် ပြည်တွင်းလေဆိပ် (၃၁)ခုအားလက်ရှိ အသုံးပြုနေပြီး တောင်တန်းထူထပ်၍ သွားလာရခက်ခဲသော ချင်းပြည်နယ်ဒေသဖွံ့ ဖြိုးရေးအတွက် လေဆိပ် (၁)ခုတည်ဆောက်သွားရန်ဖြစ်သည်။
လေယာဉ်ကွင်းမရှိသေးသည့် ချင်းပြည်နယ်တွင် ယခုဆောင်ရွက်လျက်ရှိသည့် ဆူရ်ဘုန်လေဆိပ်သစ် တည်ဆောက်ပြီးစီးပါကချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက် (Gateway of Chin State) အဖြစ် ဖွံ့ဖြိုးတိုးတတ်လာပြီး ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များချင်းပြည်နယ်သို့ အချိန်တိုတိုအတွင်း လာရောက်လည်ပတ်နိုင်ပြီး ချင်းပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ ချင်းပြည်နယ်မှ မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရန်ဖြစ်သည်။
ဖလမ်းလေဆိပ်သည် ချင်းပြည်နယ်၏ အလယ်ပိုင်းတွင်တည်ရှိပြီး ဖလမ်း လေဆိပ်မှ ဖလမ်းမြို့၊ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ရိဒ်ရေကန် စသည့် ချင်းပြည်နယ်ရှိမြို့များမှ ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတဝန်းရှိ တိုင်းနှင့် ပြည်နယ်လေဆိပ်များသို့ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရန်တို့ဖြစ် သည်။
ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ်တည်ဆောက်ရေးစီမံကိန်းအားနိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများပြီးစီး၍ ATR-72လေယာဉ်များ ဆင်း/တက်အသုံးပြုနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ၏လမ်းညွှန်မှု၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ သည်။
(သတင်းစဉ်)