မိတ္ထိလာ ၂ ဇန်နဝါရီ
မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအားကစားအသင်းက ကြီးမှူး၍ မြို့နယ်(၁၁)မြို့နယ်မှ မြင်းစီးကလပ် ၂၆ ခုမှ မြင်းစီးအားကစားသမားများက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲကို မိတ္ထီလာ မြို့နယ် မကျီးချောက်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
မြင်းစီးအားကစား ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ် မြင်းစီးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် မြင်းကောင်းများ ပေါ်ထွက်လာစေရေးတို့အတွက် မြန်မာနိုင်ငံ မြင်းစီး အားကစား အဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအားကစားအသင်းက ကြီးမှူး၍ ဖိတ်ခေါ် မြင်းစီးအားကစား ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ဖိတ်ခေါ်ပြိုင်ပွဲတွင် နေပြည်တော်၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဧရာဝတီ မြင်းစီးကလပ်နှင့် မြစ်သား၊ မြင်းခြံ၊ လှည်းကူး၊ ကျောက်ပန်းတောင်း၊ ပွင့်ဖြူ၊ ပျော်ဘွယ်၊ မလှိုင်၊ သာစည်မြို့နယ်များရှိ မြင်းစီးကလပ်(၂၆)ခုမှ မြင်းစီးအားကစားသမားများက လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲမစတင်မီ မိတ္ထီလာမြို့နယ်မှ ဒေသခံပြည်သူများ ကြည့်ရှုနိုင်စေရန် အမြင့်တန်းခုန် ကျော်ခြင်းနှင့် မြင်းအကအလှများဖြင့် ပြသခဲ့ကြောင်း မိတ္ထီလာခရိုင် မြင်းစီးအားကစားအသင်း ဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်းက ပြောသည်။
အဆိုပါ မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲတွင် မြန်မာခြေ(အသားကျ)၊ မြင်းဒုံး(အကြီးတန်း)၊ မြင်းဒုံး (အငယ်တန်း)အဖြစ် ပြိုင်ပွဲအမျိုးအစားသုံးမျိုးခွဲခြား၍ ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ ပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ရာ ဇန်နဝါရီ ၂ ရက်တွင် မြင်းဒုံး(အငယ်တန်း)ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)