နိုင်ငံအတွင်းရှိစီးပွားရေးလုပ်ငန်းများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ပါဝင်မှုသည် ၉၉% ခန့်ရှိပြီး MSME များ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရလာနိုင်ခြင်း၊ တစ်ဦးချင်းဝင်ငွေ တိုးတက်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ဖွံ့ဖြိုးတိုးတက်ရေးသည် လွန်စွာအရေးကြီးပါသည်။
သို့ဖြစ်ရာ မြန်မာ့စီးပွားရေးဘဏ်သည် MSME လုပ်ငန်းများအား ဘဏ္ဍာငွေပံ့ပိုးကူညီရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ(ODA) ချေးငွေရယူ၍ JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် စီမံကိန်းစီမံခန့်ခွဲသူ (Executing Agency) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အောက်ပါလုပ်ငန်းများမှအပ ၂၀၁၅ ခုနှစ်၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်ညီညွတ်သော မည်သည့် MSME လုပ်ငန်းမဆိုချေးငွေလျှောက်ထားရယူနိုင်ပါသည်-
(၁) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ
(၂) အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ
(၃) ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ
(၄) အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ
(၅) အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံလုပ်ငန်းများ
(၆) ဖြေဖျော်မှု၊ တင်ဆက်မှု (နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ) လုပ်ငန်းများ
(၇) လက်နက်၊ ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းများ

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1) တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားနိုင်သည့် ဘဏ်များ
(၁) အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMEDB)
(၂) မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)
(၃) မြန်မာနိုင်ငံသားများဘဏ် (MCB)
(၄) ဧရာဝတီဘဏ် (AYA)
(၅) ကမ္ဘောဇဘဏ် (KBZ)
(၆) သမဝါယမဘဏ် (CB)
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1) ဆောင်ရွက်မှုအခြေအနေ
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1)တွင် အထက်ဖော်ပြပါဘဏ်(၆)ဘဏ်မှတစ်ဆင့် ငွေကျပ် (၅၇,၆၃၄.၄၃)သန်းအား MSMEs လုပ်ငန်းရှင် (၂၆၉)ဦးသို့ ချေးငွေများထုတ်ချေးခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါထုတ်ချေးငွေများအနက်မှ ပြန်လည်ပေးဆပ်လာသောအရင်းငွေရပ်များကို လှည့်ပတ်ရန်ပုံငွေစာရင်းတွင် ထားရှိ၍ ပြန်လည်ထုတ်ချေးလျက်ရှိရာ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလအထိ MSME လုပ်ငန်းရှင် (၁၁၄)ဦးသို့ ငွေကျပ်(၂၂,၆၂၄.ဝ၅)သန်းအားထုတ်ချေးခဲ့ပြီး လှည့်ပတ်ရန်ပုံငွေစာရင်းရှိ လက်ကျန်ငွေများကို အထက်ဖော်ပြပါ ဘဏ်(၆)ဘဏ်မှတစ်ဆင့် အရင်းအနှီးလိုအပ်သော MSME လုပ်ငန်းရှင်များသို့ ဆက်လက်ထုတ်ချေးလျက်ရှိပါသည်။
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားနိုင်သည့် ဘဏ်များ
(၁) မြန်မာနိုင်ငံသားများဘဏ် (MCB)
(၂) ကမ္ဘောဇဘဏ် (KBZ)
(၃) မြန်မာ့စီးပွားရေးဘဏ် (MEB)
(၄) သမဝါယမဘဏ် (CB)
(၅) ဧရာဝတီဘဏ် (AYA)
(၆) ပထမပုဂ္ဂလိကဘဏ် (FPB)
(၇) ယူနိုက်တက်အမရဘဏ် (UAB)
(၈) အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMEDB)
(၉) မြန်မာအရှေ့တိုင်းဘဏ် (MOB)
(၁၀) မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)
(၁၁) နေပြည်တော်စည်ပင်ဘဏ် (NSB)
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) ဆောင်ရွက်မှုအခြေအနေ
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) တွင် ဂျပန်ယန်းသန်း (၁၀,၅၀ဝ)နှင့်ညီမျှသော မြန်မာကျပ် (၁၄၃,၁၂၅)သန်းအားရယူထားပြီး အထက်ဖော်ပြပါ ဘဏ်(၁၁)ဘဏ်မှတစ်ဆင့် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလအထိ MSME လုပ်ငန်းရှင် (၄၈၉)ဦးသို့ ငွေကျပ်(၈၃,၂၅၈)သန်းအား ထုတ်ချေးထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ MSME လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများအတွက် လိုအပ်သော အရင်းအနှီးများကို အထက်ဖော်ပြပါဘဏ်များတွင် ဆက်သွယ်လျှောက်ထားရယူနိုင်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်