ပဲခူး ၆ ဇန်နဝါရီ

 

ပဲခူးမြို့ ခုတင်(၅၀ဝ)ဆံ့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၉ခုနှစ်အတွင်း၌ ဆေးရုံသို့ ရောက်ရှိလာသည့် ခွေးကိုက်ခံရသူ လူနာများအတွက် ခွေးရူးရောဂါကာကွယ် ဆေး စုစုပေါင်း အလုံးရေ (၁၁၆၇၆)လုံး အသုံးပြု ထိုးနှံပေးခဲ့ရကြောင်း သိရသည်။

 

ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၉ ခုနှစ်၌ ခွေးကိုက်ခံရသည့် လူနာအသစ်(၆၉၈၉)ဦးနှင့် ကာကွယ်ဆေး ထိုးပေးရသူ (၂၃၂၄၃)ဦးတို့အား ခွေးရူးရောဂါ ကာကွယ်ဆေး အလုံးရေ (၁၁၆၇၆)လုံး အသုံးပြုခဲ့ရပြီး ၂၀၁၈ခုနှစ်တွင် ခွေးကိုက်ခံရသည့် လူနာအသစ် (၅၈၀၇)ဦးနှင့် ကာကွယ်ဆေး ထိုးပေးရသူ (၂၀ဝ၀၇)ဦးတို့အား ခွေးရူးရောဂါကာကွယ်ဆေး အလုံးရေ (၁၀၁၂၉)လုံး အသုံးပြု ခဲ့ရကြောင်း ပဲခူးမြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ထုတ်ပြန်ထားရှိသော စာရင်းများအရ သိရသည်။

 

၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစ၍ ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ခွေးကိုက်ခံရမှုကြောင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ သိသိသာသာ ပိုမိုများပြားလာသည့်အတွက် ပဲခူးဆေးရုံကြီး အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆေးရုံအထောက်အကူပြု ကော်မတီနှင့် အလှူရှင်များ၏ပံ့ပိုးကူညီမှု၊ ခွေးကိုက်ခံရသူလူနာများနှင့် လူနာရှင်များ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဆေးရုံကြီး၌ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ပြတ်လပ်မှု မရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် တိရိစ္ဆာန်ချစ်သူများ၊ စိတ်ပါဝင်စားသူများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ နှီးနွယ်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်း၍ ခွေးလေခွေးလွင့်များကို စနစ်တကျ ထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

   "အဆင့်ဆင့်သော ဆေးရုံဝန်ထမ်းများအနေဖြင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးခြင်း လုပ်ငန်းအပြင် ခွေးကိုက်မခံရစေရေးနှင့် ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောခြင်း၊ ခွေးကိုက်ခံရသူများ၏ စာရင်းအား စနစ်တကျပြုစုထားရှိခြင်းတို့ကို နေ့စဉ် အားထုတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်၊ Stakeholder များအားလုံး ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်အဖြစ် ၂၀၁၉ခုနှစ် ဇွန်လမှစတင်၍ ခွေးကိုက်ခံရသူ လူနာအသစ်ဉီးရေ ကျဆင်းလာပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် ပြန်လည်များ လာသော်လည်း၊ ၂၀၁၈ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာ ၂-လအတွင်း ခွေးကိုက်ခံရသူစုစုပေါင်း ၁၅၂၇-ဉီး၊ ကာကွယ်ဆေးထိုးပေးရသူ ၄၉၄၂-ဉီး၊ အသုံးပြုကာကွယ်ဆေးအလုံးရေ ၂၄၈၁-လုံးဖြစ်ပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာ ၂-လအတွင်း ခွေးကိုက်ခံရသူစုစုပေါင်း ၁၂၅၂-ဉီး၊ ကာကွယ်ဆေး ထိုးပေးရသူ ၃၉၂၆-ဉီး၊ အသုံးပြုကာကွယ်ဆေးအလုံးရေ ၁၉၇၃-လုံးဖြစ်သဖြင့် ယခင်နှစ်နှင့် ကာလတူအတွင်း နှိုင်းယှဉ်ပါက ကျဆင်းလာသည်ကို တွေ့ရှိရပါတယ်၊ ခွေးကိုက်ခံရသူ လျော့နည်းပါက နိုင်ငံတော်နှင့် ပြည်သူများအတွက် ကုန်ကျစရိတ်များ လျော့နည်း လာနိုင်မှာဖြစ်သည့်အတွက် ပဲခူးပြည်သူ့ ဆေးရုံကြီးအနေဖြင့် ၂၀၂၀ ခုနှစ်အတွင်း ခွေးကိုက်ခံရသည့် အကြောင်းရင်းများကို ဖော်ထုတ်ပေးခြင်း (ဥပမာ - လမ်းလျောက်ရင်းကိုက်ခံရခြင်း၊ ခွေးနှင့်ဆော့ကစား သဖြင့် ကိုက်ခံရခြင်း)၊ ခွေးကိုက်ခံရသည့် ရပ်ကွက်/ကျေးရွာ/လမ်းများကို စာရင်းပြုစုခြင်းစသည်တို့ကို ဆောင်ရွက် သွားမှာဖြစ်ပြီး ခွေးကိုက်ခံရသူများအတွက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ မပြတ်လပ်စေရေးကို လည်း ဆက်လက်စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒေသခံများအားလုံးကိုလည်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးဘို့ ဖိတ်ခေါ်အပ်ပါတယ်။ “ ပြည်သူများအတွက် ပြည်သူနဲ့အတူ ” ဆက်လက် ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု"ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ ပြောကြားခဲ့ သည်။

 

တင်စိုး(ပဲခူး)