နေပြည်တော် ၁၃ ဇွန်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြည့်မြောက်သည့် နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့်နေ့၌ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ပြည်သူအားလုံး၏ “စုပေါင်းအင်အား” အရေးကြီးပုံကို အလေးထား ပြောကြားခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ယခုလာမယ့် ၁၃၈၀ ပြည့်နှစ်အတွက် ကျွန်မတို့အစိုးရအနေနဲ့ “စုပေါင်းအင်အား”ကို အလေးထားပြီးနိုင်ငံရဲ့စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန်ချလိုက် ပါတယ်” ဟုပြောကြားခဲ့သည်။ မျက်မှောက်ကာလတွင် နိုင်ငံအတွင်းရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများစွာတို့ကို နိုင်ငံတော်အစိုးရ သန္နိဋ္ဌာန်ချထားမှုနှင့်အညီ ပြည်သူများအားလုံး၏ စုပေါင်း အင်အားဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ထို့အပြင် “ကမ္ဘာက အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်မှာသာမက ကျွန်မတို့နိုင်ငံတစ်ဝန်းမှာ အားလုံး ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံ၊ အေးချမ်းစွာဖွံ့ဖြိုးတိုးတက်နိုင်ဖို့ စုပေါင်းအင်အားနဲ့ ကြိုးပမ်းကြပါစို့”ဟု ထိုနေ့ကတိုက်တွန်းထားသည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ လုပ်ငန်းစဉ်များမှာပြီးဆုံးသည်ဟူ၍ ရှိနိုင်မည်မဟုတ်ချေ။ ဖွံ့ဖြိုးတိုးတက်နေသည့် ဒီမိုကရေစီနိုင်ငံကြီးများသည်ပင် စိန်ခေါ်မှုများစွာတို့ကို တစ်မျိုးမဟုတ်တစ်မျိုး ရင်ဆိုင်ကြုံတွေ့နေရသည်။ ကမ္ဘာကြီးမှာ ရွာကြီးဖြစ်၍ ပြောင်းလဲဖြစ်ပေါ်လာ သော စိန်ခေါ်မှုအသစ်များကို နိုင်ငံအများနှင့်ဆက်နွှယ်၍ရင်ဆိုင်ဖြေရှင်းနေကြရသည်။
ရင်ဆိုင်ကြုံတွေ့လာရသော စိန်ခေါ်မှုများစွာတို့ကို အစိုးရတစ်ရပ်တည်းနှင့် ဖြေရှင်း၍ ရနိုင်မည်မဟုတ်ချေ။ ပြည်သူအားလုံး၏ ပူးပေါင်းပါဝင်မှုအားဖြင့် ဖြေရှင်းမှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်နေဆဲကာလ၌ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းတို့နှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံ NHK သတင်းဌာန သတင်းထောက်၏ သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းပြောကြားထားသည်။
“ကျွန်မတို့အတွက် အခြေခံကျတဲ့ အရေးအကြီးဆုံးအချက်ကတော့ ကျွန်မတို့ပြည်သူတွေအနေနဲ့ နိုင်ငံတော်အတွင်း ဒီမိုကရေစီတည်ဆောက်ရာမှာ ကျရာအခန်းကဏ္ဍကနေပြီး တစ်တပ်တစ်အား တာဝန်ယူဆောင်ရွက်ကြရမယ်ဆိုတာကို သိရှိထားကြဖို့ပါ။ ဒီမိုကရေစီတည်ဆောက်ရေးဆိုတာ အစိုးရအဖွဲ့ရဲ့ တာဝန်မျှသာ မဟုတ်ပါဘူး။ အမှန်အတိုင်းဆိုရင် ဒီအချက်ဟာ ဆန့်ကျင်ဘက် သဘော တောင် သက်ရောက်နေပါတယ်။ ဒီမိုကရေစီလိုလားတယ်ဆိုရင် ဒီမိုကရေစီဟာ ပြည်သူအပေါ် အခြေခံတာကြောင့် ဒီမိုကရေစီစနစ် အောင်မြင်ရေးဆိုတာ အစိုးရအဖွဲ့ရဲ့ လက်ထဲမှာ လုံးလုံးလျားလျားရှိတယ်လို့ဆိုရင် လုံးဝဆန့်ကျင်ဘက်ဖြစ်နေလိမ့်မယ်။ ဒီမိုကရေစီလုပ်ငန်းစဉ်မှာ ပြည်သူတိုင်း ပါဝင်ဖို့လိုပါတယ်”ဟုဒီမိုကရေစီနှင့်ပြည်သူများ၏ အခန်းကဏ္ဍကို ရှင်းလင်းပြောကြားခဲ့သည်။
ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းတည်ဆောက်နေသောမျက်မှောက်ကာလ၌ မြန်မာနိုင်ငံ၏ အဓိကအလိုအပ်ဆုံးအရာမှာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်သည်။ ယင်းကို တည်ဆောက်ရာတွင် စုပေါင်းအင်အားသည် အဓိကကျသည်။ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားပြည်သူများအကြား နှစ်ပေါင်းရှည်ကြာဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ငြိမ်းအေးပြေပျောက်စေရေးအတွက် အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှုသည် အခြေခံအုတ်မြစ်ဖြစ်သည်။ ထိုအုတ်မြစ်ကို ပြည်သူများ၏ စုပေါင်းအင်အားဖြင့် ခိုင်မာအောင် တည်ဆောက်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် စုပေါင်းအင်အားမှာ အဓိက ကျသောကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြည်သူအားလုံး ညီညီညွတ်ညွတ် လက်တွဲပူးပေါင်းပါဝင်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ