၁၃ ဇွန်

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် NHK သတင်းဌာနတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့ထုတ် သတင်းစာများတွင် အပြည့်အစုံဖော်ပြခဲ့သည်။ ဤသည်မှာ NHK သတင်းဌာနအနေနှင့် ၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမေးမြန်းခွင့်ရခြင်းဟု ဆိုပါသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော အရေးကြီးကိစ္စအတော်များများ ပါဝင်နေသည်ကို တွေ့ရပါသည်။

 

 

ထိုတွေ့ဆုံမေးမြန်းခန်းတွင် ရခိုင်ပြည်နယ်အရေးက အများဆုံး ပါဝင်နေပြီး၊ မြန်မာ-ဂျပန်ဆက်ဆံရေး၊ မြန်မာ့ဒီမိုကရေစီအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည်ဖြင့် မြန်မာနိုင်ငံရေးကို ပုံဖော်နေသော အကြောင်းအရာများ ပါဝင်နေပါသည်။ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ‘ဤမျှအရေးကြီးသော ပြဿနာကို နေ့ချင်းညချင်း ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံပြင်ပက မဆိုသလောက် လူအချို့နှင့် မြန်မာနိုင်ငံအတွင်းကမဆိုသလောက်လူအချို့ကသာ ဒီပြဿနာသည် သမိုင်းနှင့်ချီ၍ ရှုပ်ထွေးလှသော ပြဿနာအဖြစ်သိရှိကြကြောင်း၊ ထို့ကြောင့် ဒီနိုင်ငံမှာ ဘာတွေဖြစ်နေသလဲ၊ ဘာ့ကြောင့် အစိုးရအနေနဲ့ ဒီလိုမျိုး ကိုင်တွယ်ဆောင်ရွက်ရသလဲဆိုတာကို ပြည်ပက လူများသာမက ပြည်တွင်းမှာနေထိုင်သူများလည်း ကောင်းစွာသိရှိသင့်ကြောင်း၊ ပြည်သူတွေ ရေရေရာရာသိရှိသင့်တယ်ဆိုတာက အရေးကြီးဆုံးအချက်ဖြစ်ကြောင်း၊ အကြောင်းကတော့ ဒီနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးတိုးတက်ကောင်းမွန်မှုတို့ကို ကိုယ်တိုင်ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်လို့ဖြစ်ကြောင်း’ ပြောကြားခဲ့သည်။

 

ဤရက်ပိုင်းအတွင်း UNDP ၊ UNHRC  တို့နှင့် MOU လက်မှတ်ရေးထိုးခဲ့ခြင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းတို့သည် ဒေါက်တာကိုဖီအာနန်ကော်မရှင်နှင့် အကြံပေးအဖွဲ့တို့၏ အကြံပြုချက်များနှင့်အညီ လုပ်ဆောင်နေခြင်းဖြစ်သည်ကို အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့ပြီးဖြစ်ကြောင်း၊ ဉာဏ်ပညာအမြော်အမြင်လည်းရှိ၊ စိတ်ကောင်းစေတနာကောင်းလည်းရှိသည်ဟု ယုံကြည်သူများနှင့် ဤကော်မရှင်နှင့် အကြံပေးအဖွဲ့ နှစ်ဖွဲ့စလုံးကို ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း၊ ထို့ကြောင့် သူတို့၏အကြံပြုချက်များကို အလွန်ပဲအလေးထား ဆောင်ရွက်နေကြောင်း ပြောပါသည်။

 

 

မြန်မာနိုင်ငံအနေနှင့် ဒုက္ခသည်များ၏ ယုံကြည်မှုပြန်လည်ရရှိလာအောင်၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုပြန်လည်ရရှိလာအောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ “ယုံကြည်မှုဆိုသည်မှာ အပြန်အလှန်ရှိသင့်ကြောင်း၊ ဥပမာပြောရလျှင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ရရှိခဲ့သော ဩ့ နှင့်အညီ ပုံစံတွေ ဖြည့်စွက်ပေးရမည်ဟု နားလည်ကြောင်း၊ ဒီပုံစံတွေကို ဒုက္ခသည်တွေဆီကျယ်ကျယ်ပြန့်ပြန့် ဝေပေးခဲ့ခြင်း မရှိကြောင်း၊ ဒီပုံစံတွေ ဖြန့်ဝေပေးခြင်းမရှိလျှင် ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာနဲ့ တရားဥပဒေနဲ့အညီ ပြန်လာနိုင်ကြောင်း ဒုက္ခသည်များ မသိကြရင်၊ ဒုက္ခသည် ဌာနေပြန်ရေးလုပ်ငန်းစဉ် အလျင်အမြန်တိုးတက်အောင်ဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း၊ ဒါကြောင့်နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဟု ဖြစ်ကြောင်း”ပြောသည်။

 

 

အဆိုပါ ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သို့ လာရောက်ခဲ့ကြသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများခရီးစဉ်အပြီး လုံခြုံရေးကောင်စီ၌ မေလ ၁၄ ရက်နေ့က ကျင်းပခဲ့သော တံခါးဖွင့်အစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ ထိုသဘောထားအတိုင်းပင် တင်ပြခဲ့ပြီးဖြစ်သည်။ ထိုအစည်းအဝေးတွင် မြန်မာသံအမတ်ကြီးက “ရခိုင်ပြည်နယ်၌ ကြုံတွေ့ရသောပြဿနာရပ် များကို ဖြေရှင်းရာတွင် လက်ရှိအရေးကြီးဆုံး လုပ်ဆောင်ရန်မှာ နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံသဘောတူညီချက်များအရ ပြန်လည်လက်ခံရေးကို စတင်ရန်ဖြစ်ကြောင်း၊ မိမိတို့ဘက်မှ လက်ခံရန် အဆင်သင့်ဖြစ်နေသည့်အလျောက် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကိုဆောလျင်စွာ စတင်ရန် ထပ်တလဲလဲပြောကြားခဲ့ကြောင်း” ၊ “မြန်မာနိုင်ငံဘကမှ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းအပြင် စိတ်ရင်းမှန်ဖြင့်ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသော်လည်း ဘင်္ဂလားဒေ့ရှ်အနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည့်အစား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဖင့်နှေးအောင် ဆင်ခြေဆင်လက်များ တစ်ခုပြီးတစ်ခု ပေးနေသည်မှာ စိတ်ပျက်ဖွယ်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် အခြေအနေမှန်ကိုဖုံးကွယ်ကာ မြန်မာနိုင်ငံက နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရန်ဆန္ဒမရှိကြောင်းဖြင့် တစ်ကမ္ဘာလုံးသို့ ပြောကြားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအား နိုင်ငံတကာမှ ပြစ်တင်ဝေဖန်ရှုတ်ချရန်နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများမြင့်မားလာစေရန်အတွက် အစိုးရနှင့် ပြည်သူများအား ပုတ်ခတ်ဝေဖန်လျက်ရှိကြောင်း” ပွင့်ပွင့်လင်းလင်းပင် ပြောဆိုခဲ့သည်။ သံအမတ်ကြီးကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကဲ့သို့ပင် “ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အောင်မြင်စေရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စစ်မှန်သောပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း” လုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးတွင်ပြောကြားခဲ့ပါသည်။

 

ယခုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NHK သတင်းဌာန တွေ့ဆုံမေးမြန်းခန်းပါ ပြောကြားချက်များအရ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာရော၊ ပြည်တွင်းကပါ ပိုမိုနားလည်နိုင်ကြမည်ဟု ယူဆရပါသည်။ ဤသို့မိမိတို့ နိုင်ငံမှတာဝန်ရှိသူများ၏ အကြိမ်ကြိမ်ရှင်းလင်းပြောဆိုမှုများက အကျိုးမဲ့အရာမထင်ဖြစ်နေမှုများကို တန်ပြန်ကျော်လွှားနိုင်မည်ဟု ယူဆနိုင်ပါသည်။ သို့မှသာ နိုင်ငံတကာသတင်းမီဒီယာတွင် ခံစစ်အနေအထားရောက်ရှိနေရာမှ မျှခြေတစ်ခုသို့ တွန်းတင်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတကာမှသဘောပေါက်နားလည်မှုသာမက ပြည်တွင်းမှပါ နားလည်သဘောပေါက်ရန်လိုနေပါသည်။ သို့မှသာ အမှန်တရားနှင့် မိမိဘက်မှ စေတနာမှန်များကို စုစည်းညီညွတ်စွာ ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အရေးမှာလအနည်းငယ်၊ နှစ်အနည်းငယ်နှင့် ပြီးစီးမှာမဟုတ်ဘဲ ရေရှည်တစိုက်မတ်မတ် လုပ်ဆောင်သွားရမည့်ကိစ္စဖြစ်ကြောင်း လေးနက်ရန်လည်းလိုအပ်လျက်ရှိပါသည်။

 

မြန်မာ့အလင်း