သတင်းဆောင်းပါး - မောင်ခင်မင်(ဓနုဖြူ)
“စာအရေးအသားကို အထောက်အထားပြုပြီး အသံ ထွက်ပုံကို အခိုင်အမာအတည်ပြုနိုင်တဲ့ သာဓကတွေ လည်း ရှိပါတယ်”
“ပြောပြပါဆရာ”
“ရှေးက ရတုကဗျာတွေဖွဲ့ရာမှာ သုံးပိုဒ်ဖွဲ့ရင် ပိုဒ်စုံ ရတုလို့ ခေါ်တယ်။ ပိုဒ်စုံရတုရဲ့ အချီပိုဒ်၊ အချပိုဒ်တွေကို အသံကာရန်တူအောင် ဖွဲ့ကြတယ်။ အချီပိုဒ်သုံးပိုဒ် အသံကာရန်တူတယ်။ အချပိုဒ်သုံးပိုဒ်လည်း အသံကာရန် တူတယ်။ အချီညီ- အချညီလို့ ခေါ်တာပေါ့”
“သမီးတို့ သင်ရပါတယ်ဆရာ”
“ဒါဆို နမူနာတစ်ခုလောက် ဆိုပြစမ်းပါ။ မဲဇာတောင်ခြေရတုကို သိမှာပေါ့”
“သိပါတယ်ဆရာ။ လက်ဝဲသုန္ဒရအမတ်ကြီးရေးတာပါ”
“အချီပိုဒ်သုံးပိုဒ်ကို သမီးဆိုကြည့်စမ်းပါ "
“ဟုတ်ကဲ့၊ “မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါ ညောင်ရေ' ပါဆရာ"
“ဟုတ်ပါပြီ၊ ကဲ သားက အချပိုဒ်သုံးပိုဒ်ကိုဆိုကြည့်”
“ရွှေပြည်ဌာနဝေးသော်ကြောင့်၊ လေပြည်လာက အေးသော်ကြောင့်၊ နေခြည်ဖြာကျနွေးသော်ကြောင့် ပါဆရာ”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ အဲဒီသုံးပိုဒ်ချင်း အသံတွေ အားလုံးကာရန်တူတယ်။ ကာရန်ဆိုတာ အဆုံးသရသံကို ဆိုလိုတာသိပါတယ်နော်။ ဒီတော့ အချီသုံးပိုဒ်ရဲ့ အဆုံး သရသံတွေက ဘာသံတွေလဲ။ ဗျည်းသရတွေဖယ်ပြီး သရသံတွေချည်း ဆိုကြည့်စမ်းပါ”
“မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ ဆိုတော့ သရသံတွေက သုံးပိုဒ်စလုံး “အဲအာအောင်အေ' ပါဆရာ”
“ အချပိုဒ်တွေကရော”
“သုံးပိုဒ်စလုံး “အေအည် အာအအော အော် အောင်' ပါ ဆရာ”
“အသံတူပုံ ထင်ရှားအောင်မေးရတာပါ။ ဒီတော့ ကောက်ချက်ချနိုင်တာက ပိုဒ်စုံရတုတွေကို အချီညီ အချညီဖွဲ့ရင် အဲဒီအသံတွေဟာ ကာရန်တူရတယ်။ တစ်နည်းပြောရရင် သရသံချင်း တူရတယ်လို့ ကောက်ချက်ချနိုင်တာပေါ့” “ဟုတ်ပါတယ်ဆရာ” “ကဲ..တောင်ငူခေတ်စာဆို နဝဒေးကြီးရဲ့ ပိုဒ်စုံရတု တစ်ပုဒ်ကို ကြည့်ရအောင်။ တွေ့ပြီ။ သမီးက ဒီရတုရဲ့ အချီပိုဒ်သုံးပိုဒ်ကို ဖတ်ပြပါ”
“ဟုတ်ကဲ့။ 'အိမ်မက်မျှလျှင်၊ တိမ်ထက်ကပင်၊ လိမ်ယှက်မြသွင်' ပါဆရာ"
“ အဲဒီမှာ ဘာထူးခြားတာ သတိပြုမိသလဲ"
“အိပ်မက်ကို အိမ်မက်လို့ရေးထားပါတယ် ဆရာ”
“ဟုတ်တယ်။ အိပ်ပျော်နေတုန်း မြင်မက်လို့ “အိပ်မက်' လို့ခေါ်ကြတာ မဟုတ်လား။ ဒီစကားလုံး ပေါ်စ တုန်းက “အိပ်မက်” လို့ပဲ အသံထွက်မှာပေါ့။ စရေးတုန်း က အသံကို စာနဲ့အက္ခရာတင်တာမို့ 'အိပ်မက်' လို့ ရေးတာဟာ 'အိပ်မက်' လို့ပဲ အသံထွက်လို့ရေးတာလို့ နားလည် နိုင် တာပေါ့။ နောက်တော့' အိပ် မက် 'က 'အိမ်မက်'လို့ အသံပြောင်းလာတယ်လေ။ 'မက်' မှာပါတဲ့ 'မ'သံနဲ့ လိုက်အောင် ရှေ့ ကပသတ်ကို မသတ်ပြောင်းပြီး ရွတ်ဆိုတော့ 'အိမ်မက်” ဖြစ်သွားတာပေါ့။ 'အိပ်မက်'လို့ ဆိုရတာထက် အိမ်မက်”ကို ဆိုရတာပိုပြီးတော့ အာထား လျှာထား အဆင်ပြေတာပေါ့"
“ဟုတ်ကဲ့ပါ”
“ဒီတော့ ဘယ်လိုနားလည်နိုင်သလဲဆိုရင်။ အသံက ပြောင်းပေမယ့် အရေးက လိုက်မပြောင်းတော့ ရေးရင် “အိပ်မက်'၊ အသံထွက်ရင် “အိမ်မက်' ဖြစ်နေတာပေါ့။ အဲဒီအသံထွက်ပုံဟာ တောင်ငူခေတ်မှာကတည်းက “အိမ်မက်' လို့ ပြောင်းနေပြီဆိုတာ နဝဒေးကြီးရဲ့ ရတုက သက်သေပြနေ တယ်လေ။ ဘယ်လိုသက်သေပြနေ သလဲကွယ်”
"ဆရာ 'အိမ်မက်၊ တိမ်ထက်၊ လိမ်ယှက်' လို့ အသံတူ ကာရန်ယူထားပုံက သက်သေပြနေပါတယ်ဆရာ"
“ဟုတ်တယ်။ အိမ်မက်လို့ မသတ်သံနဲ့ အသံထွက် လို့သာတိမ်၊ လိမ်ဆိုတဲ့ မသတ်သံတွေနဲ့ ကာရန်တူယူတာ ပေါ့ကွယ်”
“ရှင်းပါပြီဆရာ။ ဆရာပြောပြမှ ဒီသဘောကို နားလည်ပါတယ် ။”
“ကဲ...နောက်တစ်ပုဒ်၊ အဲနှစ်ပုဒ်သာဓက ပြမယ်။ တောင်ငူခေတ်စာဆို နတ်ရှင်နောင်ရဲ့ ပိုဒ်စုံရတု နှစ်ပုဒ် ပေါ့။ ကဲ.. တစ်ပုဒ်စီ အချီပိုဒ်တွေ ဖတ်ကြည့်စမ်းပါ”
" 'တသောင်းရှစ်ပြန်၊ မပျောင်းရစ်ဟန်၊ ခပေါင်း မြစ်ဝှန်' ပါ ဆရာ”
"နောက်တစ်ပုဒ်က “တသောင်းရှစ်မည်၊ မပျောင်း ရစ်တည်၊ ခပေါင်းမြစ်တည်' ပါဆရာ”
"ရတုနှစ်ပုဒ်က အချီချင်းခပ်ဆင်ဆင်ပဲ ရှေ့စာလုံး နှစ်လုံးချင်း အသံတူနေတယ် မဟုတ်လား"
“အဲဒီမှာကော ဘာထူးခြားသလဲ”
“ဟုတ်ကဲ့" တစ်သောင်းလို့မရေးဘဲ 'တသောင်း" လို့ပဲ ရေးထားပါတယ်ဆရာ”
“ဟုတ်ကဲ့။ 'တသောင်း၊ မပျောင်း၊ ခပေါင်း’ အသံချင်းတူပါတယ်ဆရာ”
“အဲဒီမှာကော ဘာထူးခြားသလဲ"
“ဟုတ်ကဲ့၊ တစ်သောင်းလို့မရေးဘဲ 'တသောင်း'လို့ပဲ ရေးထားပါတယ်ဆရာ”
“ဟုတ်ပါပြီ။ ဒါက ဘာကိုသက်သေပြနေသလဲဆိုရင် ကိန်းဂဏန်းဖြစ်တဲ့ “တစ်”ကို အဲဒီ တောင်ငူခေတ်မှာ ကတည်းက စသတ်သံမထွက်တော့ဘူး၊ 'တသောင်း”လို့ မကြာဝက် 'တ' သံထွက်နေပြီဆိုတာ သက်သေပြနေ တယ်လေ”
“ဆရာ၊ ကျွန်တော်တို့ပုဂံကျောက်စာတွေသင်ရတုန်း က သတိပြုမိတာရှိပါတယ်။ အစောပိုင်း ကျောက်စာတွေမှာ “တစ်”လို့ ရေးပေမယ့် နောက်ပိုင်းကျောက်စာတွေမှာ စသတ်မပါဘဲ “တ”လို့ပဲ ရေးတာတွေ့ရပါတယ် ဆရာ"
“ဟုတ်တယ်၊ “တစ်”လို့ရေးပေမယ့် အသံထွက် မကြောက်တသံနဲ့ “တ”လို့ပဲ အသံထွက်တာ တော်တော် စောစောကတည်းကပါ။ နတ်ရှင်နောင်ရတုမှာ ဘာဖြစ်လို့ 'တစ်သောင်း' လို့မရေးဘဲ 'တသောင်း'လို့ရေးတာပါလိမ့်"
"အသံတူကာရန်ယူထားတဲ့ 'မပျောင်း' နဲ့ 'ခပေါင်း ' ' မှာ 'မ' နဲ့ 'ခ' က မကြာဝက်သံတွေပါဆရာ။ ဒါကြောင့် 'တသောင်း' မှာလဲ 'တ' က မကြာဝက်သံ ဖြစ်တယ်လို့ အခိုင်အမာ ပြောနိုင်ပါတယ်” ။
“ဟုတ်တယ်။ အသံထွက်အတိုင်း တိတိကျကျ ရေးရင်/တသောင်း/ /မပျောင်း အပေါင်းလို့ရေးရမှာပေါ့။ (ရေးပြလိုက်ပါသည်။) ဒါကြောင့် နတ်ရှင်နောင်ကလည်း အသံတူ ကာရန်ယူထားတဲ့အတိုင်း 'တသောင်း' လို့ စသတ်မပါဘဲ ရေးတာပေါ့ကွယ်။ ပြောရဦးမယ်။ အဲဒီ ရတုကို ခုခေတ်မှာ ပြန်ပုံနှိပ်တော့ “တစ်သောင်းရှစ်ပြန်' ကျတော့ 'တစ်'လို့ရေးပြီး နောက်က မပျောင်းတို့၊ ခပေါင်း တို့ကို ဒီအတိုင်းထားတော့ အချီက ပုံစံမညီဘဲ ပျက်နေ တာပေါ့။ ဒါကြောင့် စာပေပညာရှင်ကြီး တစ်ယောက်က ရယ်စရာပြောဖူးတယ် “တစ်သောင်း' ဆိုရင် 'မစ်ပျောင်း၊ ခစ်ပေါင်း' လို့ စသတ်နဲ့လိုက်ရေးမှ မှန်မှာပေါ့.....တဲ့”
“ဪ.. ဟုတ်ကဲ့”
"စာလုံးပေါင်းသတ်ပုံနဲ့ ပတ်သက်ပြီး အရင်အပတ်က ပြောသလို ကျောက်စာ၊ မင်စာကလွဲရင် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းရဲ့ ရေးထုံးအတိုင်းပြင်ရမယ်လို့ သတ်မှတ်ထားတယ်။ ဒါပေမယ့် ကဗျာမှာ ကာရန် အရရေးတဲ့ စာလုံးတွေကို သတ်ပုံကျမ်းနဲ့ မညီလည်း လိုက်ပြင်စရာမလိုဘူးလို့ ခြွင်းချက်ပေးထားပါတယ်။ ဒါကြောင့် 'တသောင်း”ကို'တစ်သောင်း” လို့ လိုက်ပြင်စရာ မလိုပါဘူးကွယ်” ။
“ဟုတ်ကဲ့၊ နားလည်ပါပြီ ဆရာ”
“ကဲ... နောက်ရတုနှစ်ပုဒ်ပြချင်သေးတယ်။ တောင်ငူ ခေတ်စာဆို မင်းဇေယျရန္တမိတ်ရဲ့ ဟောဒီရတု နှစ်ပုဒ်ပဲ။ အချီပိုဒ်တွေ ဖတ်ကြည့်ပါ။
'ခုနစ်ခွေလျှင်၊ ပုရစ်ဝင် စုလစ်ရွှေစင်” ပါ ဆရာ"
“ပုရစ်ဖြာဆီ၊ စုလစ်ဘာနီ၊ ခုနစ်နာရီ' ပါဆရာ"
“ဟုတ်ပါပြီ။ အဲဒီရတုနှစ်ပုဒ်လဲ အချီပိုဒ်ချင်း ဆင်တယ်။ “ပုရစ်၊ စုလစ်၊ ခုနစ်' ဆိုတဲ့ စကားလုံးတွေ အသံတူကာရန်တူဖွဲ့ထားတယ် မဟုတ်လား။ ကဲ... 'ပုရစ်' ကို ဘယ်လိုအသံထွက်သလဲ။ အသံထွက်ရေးပြပါ။ သမီးကစပါ”
“ဟုတ်ကဲ့။ /ပယစ်/လို့ အသံထွက်ပါတယ် ဆရာ။ (ရေးပြသည်) နောက်တစ်လုံးက စလစ်/ လို့ အသံထွက် ပါတယ် ဆရာ”
“ကဲ.. ခဏလောက် ဒီနေရာမှာ နားပြီး ကြည့်ရ အောင်။ပုရစ်ရော၊ စုလစ်ရောရေးတဲ့အခါ တစ်ချောင်းငင်နဲ့ ရေးပေမယ့် အသံထွက်တော့ ပယစ်/ / စလစ်/ လို့ မကြာဝက်သံ၊ အသံတစ်ဝက်ပဲ ထွက်တယ်နော်"
“ဟုတ်ပါတယ် ဆရာ"
"ဒီလိုဆိုရင် “ခုနစ်ခွေလျှင်' နဲ့ 'ခုနှစ်နာရီ' က 'ခုနစ်” ကို ဘယ်လိုအသံထွက်မလဲ”
“သမီးတို့တော့ ခွန်နှစ်/လို့ ထွက်ပါတယ် ဆရာ” "/ခွန်နှစ်/လို့ ဟထိုးသံနဲ့လည်း ထွက်ပါတယ်ဆရာ"
“ဟုတ်ပါတယ်။ ဆရာလည်း ဒီလိုပဲထွက်တာပါ။ ၊ တစ်ခါတစ်ခါ နောက်ကတစ်လုံးတောင် မပါတော့ဘူး။ ခွန်/ လို့ပဲ ထွက်တယ်မဟုတ်လား”
“ဟုတ်ပါတယ်”
“ကဲ ရတုရဲ့ အချီပိုဒ်သုံးပိုဒ်လုံး အသံတူ ကာရန်တူ ဖွဲ့ရတဲ့ သတ်မှတ်ချက်အရ စဉ်းစားရင် အဲဒီအချိန်တုန်းက ခုနစ်ကို ဘယ်လိုအသံထွက် မယ်ထင်သလဲ”
“/စလစ်/ /ပယစ်/ တို့နဲ့ တူအောင်ထွက်ရင် ခနစ်/ လို့ ထွက်ရမှာပေါ့ဆရာ”
“ဟုတ်ပါတယ်။ ရှေ့အသံကို အသံတစ်ဝက်နဲ့ ထွက်တာဆိုတော့ ခုနှစ်ကို ခနှစ်/လို့ ထွက်မှာပဲလေ။ နောက်မှ နောက်က 'န' ရဲ့အရှိန်ကြောင့် 'ခွန်နစ်၊ ခွန်နှစ်' ဖြစ်သွားတာပေါ့။ ရခိုင်တိုင်းရင်းသားတွေ ခုနစ်ကို ခနစ်/ လို့ ခကို မကြာဝက်သံနဲ့ထွက်တာ ထင်ရှားတဲ့ သက်သေ တစ်ခုပေါ့ကွယ်”