နေပြည်တော် ၂၀ ဇွန်
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှိ/မရှိကို စိစစ်သုံးသပ်ရာ၌ ပြည်ပကုန်သွယ်မှု တိုးတက်မှု ရှိ/မရှိသည်လည်း စိစစ်သုံးသပ်ရမည့် အချက်တစ်ရပ်ဖြစ်ပါသည်။ နိုင်ငံတော်၏၂၀၁၇ ခုနှစ် ဧပြီလမှ မေလအထိ ပြည်ပပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၉၇၀ ဒသမ ၃၅၃ သန်း ရှိပါသည်။၂၀၁၈ ခုနှစ် ဧပြီလမှ မေလအထိ ကာလအတွက် နိုင်ငံတော်၏ ပြည်ပပို့ကုန် တန်ဖိုးကို ကြည့်ပါက အမေရိကန်ဒေါ်လာ ၂၃၇၇ ဒသမ ၈၂၆ သန်းရှိပါသည်။ သို့ဖြစ်ပါ၍ ပြည်ပပို့ကုန်တန်ဖိုးကို ဧပြီလမှ မေလအထိကာလအတွက် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့ကို နှိုင်းယှဉ်ကြည့်ပါက အမေရိကန်ဒေါ်လာ ၄၀၇ ဒသမ ၄၇၃ သန်း တိုးတက်လာပါသည်။
နိုင်ငံတော်၏ ပြည်ပသွင်းကုန်တန်ဖိုးကို စိစစ်ကြည့်ပါကလည်း ၂၀၁၇ ခုနှစ် ဧပြီလမှ မေလအထိ ကာလအတွက် ပြည်ပသွင်းကုန်တန်ဖိုးစုစုပေါင်းသည် အမေရိကန်ဒေါ်လာ၂၉၇၅ ဒသမ ၈၃၃ သန်း ရှိပါသည်။ ၂၀၁၈ ခုနှစ် ဧပြီလမှ မေလအထိ ကာလအတွက် နိုင်ငံတော်၏ သွင်းကုန်တန်ဖိုးကိုကြည့်ပါက အမေရိကန်ဒေါ်လာ ၃၃၈၂ ဒသမ ၇၁၈ သန်း ရှိပါသည်။ သို့ဖြစ်ပါ၍ ပြည်ပသွင်းကုန်တန်ဖိုးကို ဧပြီလမှ မေလအထိ ကာလအတွက် ၂၀၁၇ ခုနှစ်နှင့်၂၀၁၈ ခုနှစ်တို့ကို နှိုင်းယှဉ်ကြည့်ပါက အမေရိကန်ဒေါ်လာ ၄၀၆ ဒသမ ၈၇၅ သန်း တိုးတက်လာပါသည်။ နိုင်ငံတော်၏ ပြည်ပပို့ကုန်တန်ဖိုးနှင့် ပြည်ပသွင်းကုန်တန်ဖိုး နှစ်ရပ်စလုံး တိုးတက်လာခြင်းသည် တိုင်းပြည်၏ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုအတွက် အပေါင်းလက္ခဏာတစ်ရပ်ဖြစ်ပါသည်။
မည်သို့သောကဏ္ဍတို့အတွက် ပြည်ပပို့ကုန်တန်ဖိုး တိုးတက်လာရသည်ကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက စက်မှုကုန်ချောပစ္စည်းတို့ တိုးချဲ့တင်ပို့နိုင်ခြင်းသည် အဓိကအချက်တစ်ရပ် ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ စက်မှုကုန်ချောပစ္စည်း တင်ပို့ခြင်းကဏ္ဍတစ်ခုတည်းကပင် အမေရိကန် ဒေါ်လာ ၃၇၄ ဒသမ ၂၀၁ သန်း တိုးတက် တင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်ပပို့ကုန်တန်ဖိုး တိုးတက်လာမှု၏ ၉၁ ဒသမ ၈၃ ရာခိုင်နှုန်းသည် စက်မှုကုန်ချောပစ္စည်းများ တင်ပို့မှုမှ ရရှိခဲ့ခြင်းဖြစ်ပါသည်။ သို့သော် လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့နိုင်မှု၌ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ဝ၈၉ သန်း ပိုလျော့ကျသွားသည်ကို တွေ့ရှိရပါသည်။ တိုးတက်လာသော ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၇ ဒသမ ၄၇၃ သန်းအပေါ် အခြေခံလျက် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု လျော့ကျလာခြင်းကို ရာခိုင်နှုန်းအားဖြင့် တွက်ချက်ကြည့်ပါက ၁၈ ဒသမ ၆၇ ရာခိုင်နှုန်းခန့်ရှိပါသည်။ သို့သော် ကဏ္ဍအများစု၌ တိုးချဲ့တင်ပို့နိုင်သကဲ့သို့ ကဏ္ဍအားလုံး ပေါင်းခြုံစဉ်းစားပါကလည်း အမေရိကန်ဒေါ်လာ ၄၀၇ ဒသမ ၄၇၃ သန်း တိုးတက်လာခြင်းသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအတွက် အပေါင်းလက္ခဏာတစ်ရပ် ဖြစ်ပါသည်။
တိုးတက်လာသော ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၆ ဒသမ ၈၇၅ သန်း၌ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၉၆၈ သန်းရှိ၍ တိုးတက်လာသော ပြည်ပ သွင်းကုန်တန်ဖိုးစုစုပေါင်း၏ ၅၄ ဒသမ ဝ၆ ရာခိုင်နှုန်း ရှိပါသည်။ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှု တိုးတက်လာခြင်းသည် တိုင်းပြည်စီးပွားရေးအတွက် အပေါင်းလက္ခဏာတစ်ရပ် ဖြစ်ပါသည်။ အလားတူပင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ တိုးတက်တင်သွင်းမှုသည်
အမေရိကန်ဒေါ်လာ ၁၇၉ ဒသမ ဝ၃၂ သန်းရှိ၍ တိုးတက်လာသော ပြည်ပသွင်းကုန်တန်ဖိုး စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းခန့် ရှိပါသည်။ဤအချက် သည်လည်း တိုင်းပြည်စီးပွားရေးအတွက် အပေါင်းလက္ခဏာတစ်ရပ် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် တိုင်းပြည်စီးပွားရေးအတွက် တိုးပွားလာသော အပေါင်းလက္ခဏာတို့ကို ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။
မြန်မာ့အလင်း