သုဝဏ္ဏဝတီမြို့ ၁၂ ဇန်နဝါရီ
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး အောက်ကွင်းကျေးရွာအုပ်စုများတွင် စိုက်ပျိုးထားသည့် ပဲတီစိမ်းစိုက်ခင်းများသည် ယခုနှစ်တွင် အပွင့်ချိန်တွင် ပိုးအနည်းငယ် ကျရောက်သောကြောင့် အသီးအောင်မြင်စေရန်နှင့် ပိုးမွှားများအန္တရာယ် ကာကွယ်နိုင်အောင် စိုက်ခင်းများအတွင်း ပိုးသတ်ဆေးနှင့် အပွင့်အားဆေးရော၍ ဆေးဖျန်းဆောင်ရွက်နေရကြောင်း သိရသည်။
“အရွက်ချိန်မှာ အရွက်အားဆေး၊ အပွင့်ချိန်မှာ အပွင့်အားဆေး၊ အသီးချိန်မှာ အသီးအောင်ရန် အသီးအားဆေး သုံးကြိမ်ဖျန်းပေးရတယ်၊ တန်ဆောင်မုန်းလပြည့်ကျော်မှာ စတင်စိုက်ပါတယ်၊ ရွက်စားပိုးမကျပေမဲ့ အပွင့်မှာ ပိုးနည်းနည်းလိုက်ပါတယ်၊ အခုပွင့်တဲ့အချိန်မှာ ပိုးသတ်ဆေးနဲ့ အပွင့်အားဆေး နှစ်မျိုးရောပြီး ဖျန်းပေးနေတာပါ၊ မျက်မြင်အခြေအနေအရ အရင်နှစ်က တစ်ဧက ဆယ်တင်းအထက် ထွက်ပေမဲ့ အခု အထွက်နှုန်း လျော့နိုင်ပါတယ်”ဟု ကျိုက္ကော်ကွင်းအတွင်းတွင် ပဲတီစိမ်း ၁၅ ဧက စိုက်ပျိုးသူ ဦးသန်းနိူင်ဦးက ပြောသည်။
“ပဲတီစိမ်း စိုက်တဲ့နေရာမှာ မိုးပြတ်တာစောလို့ ရေပြတ်ပြီး အစိုဓာတ်မရတော့ (မြေချောက်မိပြီး) အပင်မအောင်ဘူး၊ ပိုးလဲကျတဲ့အတွက် ပဲတီစိမ်းစိုက်ပျိုးတဲ့ဧက နည်းသွားတာပါ”ဟု ဆိပ်ကျွန်းကျေးရွာမှ ဦးစိန်ရိုးက ပြောသည်။
သထုံမြို့နယ်အတွင်း ပဲတီစိမ်းစိုက်ဧက ၁၃၀ဝ၀ ကျော်ရှိပြီး တစ်မြို့နယ်လုံး အတိုင်းအတာအရ စိုက်ပျိုးမှုအခြေအနေ ကောင်းမွန်ကြောင်း၊ ပိုးသတ်ဆေးအသုံးပြုရာတွင် နားလည်သူများနှင့် ပူးပေါင်း၍ ပိုးကျရောက်မည့် အနည်းအများကို မူတည်၍ အချိုးကျ အသုံးပြုစေလိုကြောင်း၊ ပြောင်းလဲလာသည့် ရာသီဥတုကိုလည်း အထူးသတိပြု စိုက်ပျိုးကြစေလိုကြောင်း သထုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစောခင်ကျော်မြင့်က ပြောသည်။
သုဝဏ္ဏဝတီမြို့အနီးရှိ အောက်ကွင်းကျေးရွာအုပ်စုရှိ ပဲတီစိမ်းစိုက်ပျိုးမှုသည် မိုးပြတ်သည့်အချိန်စောခြင်း၊ အပွင့်ချိန်တွင် ပိုးမွှားကျရောက်မှုရှိခြင်း၊ စိုက်ဧကများ နည်းသွားခြင်းတို့ကြောင့် ရိတ်သိမ်းချိန်ဖြစ်သော တပို့တွဲလပြည့်ကျော် အချိန်ခန့်တွင် ထွက်ရှိလာမည့် ပဲတီစိမ်းအထွက်နှုန်းက ပြီးခဲ့သည့်နှစ်ထက် လျော့နည်းမည်ဟု ပဲတီစိမ်းစိုက်ပျိုးသူ တောင်သူများထံမှ သိရသည်။
ခွန်(ဝင်းပ)