ပဲခူး ၁၃ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ နံနက် ၉ နာရီခွဲက တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့နှင့်အတူ ဖြူးမြို့နယ်အတွင်း တည်ဆောက်နေသည့် ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းခွင် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန၊ တည်ဆောက်ရေး(၁) ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးကိုကိုဦးတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့် မရှိစေရေး၊ တည်ဆောက် တူးဖော်ခြင်းလုပ်ငန်း အရည်အသွေးပြည့်မီအောင် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားကာ လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုခဲ့သည်။
ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းလုပ်ငန်းသည် ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၁၁၅)၏ အနောက်ဘက် ၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။ အဆိုပါ စီမံကိန်းသည် ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်းရှိ စီမံကိန်း လျာထားရေသောက် ဧရိယာ ဧက ၉၀ဝဝဝ ကို စိုက်ပျိုးရေ ပေးဝေနိုင်ရန်နှင့် ရေအားလျှပ်စစ်တပ်ဆင်အင်အား ၂၀ မဂ္ဂါဝပ် ၂ လုံးဖြင့် နှစ်စဉ် ပျမ်းမျှကီလိုဝပ်နာရီ သန်း ၁၂၀ ထုတ်လုပ်သွားနိုင်ရန်၊ စစ်တောင်းမြစ် ရေးကြီးရေလျှံမှုမှ လျော့ပါး သက်သာစေရန် စသည့်လူမှုစီးပွားဘဝဆိုင်ရာ အကျိုးကျေးဇူးများ ရရှိစေရန်ရည်ရွယ်၍ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ၁၉၆၃ ခုနှစ်မှစတင်၍ စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့သော စစ်တောင်းမြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပါဝင်ပြီး ၂၀ဝ၂ ခုနှစ် အောက်တိုဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရေလှောင်တမံ၊ ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေအား လျှပ်စစ်ဆိုင်ရာ အဆောက်အအုံများနှင့် ရေလွှဲဆည်တို့ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုအခါ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းများသာ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိကြောင်း သိရသည်။
ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ဆောင်ရွက်ခဲ့ရာ ခွဲဝေရန်ပုံငွေ အခြေအနေအရ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ ၂၁ ရာခိုင်နှုန်းသာ ဆောင်ရွက်ပြီးစီးခဲ့ပြီး စီမံကိန်းလျာထားဧရိယာ ဧက ၉၀ဝဝဝ အနက် ဧက ၆၈၀ဝ ကို ရေပေးဝေနိုင်ခဲ့သည်။
၂၀၂၉-၂၀၂၀ ခုနှစ်ကုန်တွင် ရရှိသောရန်ပုံငွေဖြင့် လုပ်ငန်းအားလုံးပြီးစီးပါက ဧက ၁၀ဝဝဝ ပိုမိုလာမည်ဖြစ်ပြီး စုစုပေါင်း ၁၆၈၀ဝ ဧကအား ဆည်ရေပြည့်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ပြောသည်။
ဆည်ရေသောက်စနစ်ဆိုင်ရာ အချက်အလက်များအနေဖြင့် တူးမြောင်းမကြီး ၂ ခု ၁၉ မိုင်၊ မြောင်းခွဲ ၁ ခု ၂၀ မိုင်၊ လက်တံမြောင်းများ ၂၄ ခု ၇၅ မိုင်၊ လက်တံမြောင်းခွဲများ ၂၀၆ ခု ၃၅၈ မိုင်၊ တူးမြောင်း အဆောက်အအုံ ၃၅၉၅ ခုဖြစ်ပြီး ဖြူးချောင်းရေလှောင်တမံ၏ အမျိုးအစားမှာ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်သည်။
ဆည်ရေသောက် ရေပေးတူးမြောင်းများ မရောက်ရှိသေးသည့် ဖြူးမြို့နယ် အရှေ့ဘက်ခြမ်းဒေသမှ တောင်သူများ နွေစပါး စိုက်ပျိုးနိုင်ရန် ဇယားချောင်းနှင့် ငနုသန်းချောင်း စသည့် ချောင်းရိုး၊ မြောင်းရိုးများမှ တစ်ဆင့် ဆည်ရေချပေးခဲ့ပြီး ချောင်းပိတ်စနစ်ဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် နွေစပါးဧက ၅၀ဝဝ ကျော် စိုက်ပျိုးအောင်မြင်ခဲ့သည့်အတွက် ၂၀၁၈-၂၀၁၉ ခုနှစ်တွင်လည်း ဆည်ရေဖြင့် ၄၈၀ဝ ဧက၊ ဆည်ရေချောင်းပိတ်စနစ်ဖြင့် ၈၀ဝဝ ဧကကို နွေစပါးစိုက်ပျိုးရန် ဆည်ရေပေးဝေခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် တူးမြောင်းစနစ်ဖြင့် ၆၈၀ဝ ဧက၊ ချောင်းပိတ်စနစ်ဖြင့် ၅၅၀ဝ ဧက၊ စုစုပေါင်း ၁၂၃၀ဝ ဧကကို ရေပေးဝေနိုင်မည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၁) ညွှန်ကြားရေးမှူး ဦးအောင်မြင့်၏ ပြောပြချက်အရ သိရသည်။
ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် စစ်တောင်းမြစ်ဝှမ်းဒေသအတွင်း စိုက်ပျိုးရေးနှင့် ရေဘေးကာကွယ်ရေး မဟာဗျူဟာများနှင့် ဆက်စပ်လျက်ရှိပြီး လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက်လည်း အရေးပါသည့် ဘက်စုံစီမံကိန်း တစ်ခုဖြစ်၍ ဆည်ရေသောက် တူးမြောင်းစနစ်အား ရည်မှန်းလျာထားချက်အတိုင်း အပြည့်အဝ ပြီးစီးအောင်ဆောင်ရွက်နိုင်ပါက ဖြူးနှင့် အုတ်တွင်းမြို့နယ်များအတွင်းရှိ ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကာ နိုင်ငံ၏ရေရှည်အကျိုးစီးပွားရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး ထောင်စုနှစ်အလွန် ရည်မှန်းချက်များကိုလည်း အထောက်အကူပြုနိုင်သော စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)