မုံရွာ ၂၉ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက် မြေရိုင်းဖော်ထုတ်ခြင်းနှင့် လှေကားထစ်လယ်ယာမြေများကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ဖော်ထုတ်ပေးနိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
''နာဂဒေသမှာ သွားလာဖို့ခက်ခဲတဲ့ ကျေးရွာတွေကို ရွေးချယ်ဖော်ထုတ်ပေးတာပါ၊ ရွှေ့ပြောင်း တောင်ယာစိုက်တာက မြေဆီမြေနှစ်တွေ ဆုံးရှုံးတယ်၊ သစ်တောတွေ ပြုန်းတီးတယ်၊ သဘာဝပတ်ဝန်းကျင်တွေကို ထိခိုက်ပျက်စီးစေတယ်၊ အဲဒါတွေကို ရှောင်ရှားနိုင်ဖို့နဲ့ နှစ်စဉ်သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းစရာမလိုဘဲ အေးအေးဆေးဆေး စိုက်ပျိုးလို့ရနိုင်မယ့် လှေကားထစ် စိုက်ခင်းတွေ၊ မြေရိုင်းဖော်ထုတ်ခြင်းတွေကို လုပ်ဆောင်ပေးတာပါ၊ လုပ်ငန်းတွေကိုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေနဲ့ တင်ဒါစနစ်နဲ့ လုပ်ဆောင်မှာပါ၊ အခုအခြေအနေမှာတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို စောင့်နေပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဇင်က ပြောသည်။
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ တိုက်ရံကျေးရွာတွင် မြေရိုင်း (၁၅ဝ)ဧကနှင့် နန်းယွန်းမြို့နယ်အတွင်းရှိ ဟားဝါးအပေါ်ရွာ၊ ဟားဝါးအထက်ရွာနှင့် ဟားဝါးအောက်ကျေးရွာတို့တွင် လှေကားထစ်လယ်ယာမြေ (၁ဝဝ)ဧကတို့အား ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)