နေပြည်တော် ၁၃ ဇန်နဝါရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇန်နဝါရီ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်မျက်အချောထည်လုပ်ငန်း၊ ရုံးအဆောက်အဦ တည်ဆောက်မှုလုပ်ငန်း၊ လူထုဖြန့်ပျိုးဥယျာဉ်နှင့် စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများ ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားသိပ္ပံလမ်းရှိ မင်္ဂလာပါ ကျောက်မျက်အချောထည်စက်ရုံနှင့် ကျောက်မျက်နှင့် လက်ဝတ်ရတနာအချောထည်ဆိုင်ကို ကြည့်ရှုပြီး နိုင်ငံတကာအဆင့်မီ ကျောက်မျက်အချောထည် လက်ဝတ်ရတနာများထုတ်လုပ်နိုင်ရန်၊ ကမ္ဘာလှည့်ခရီးသည်များက မြန်မာ့ကျောက်မျက် လက်ဝတ် ရတနာများအား စွဲမက်ကြိုက်နှစ်သက်၍ ခိုင်မာသည့် မြန်မာ့ကျောက်မျက်ဈေးကွက်တစ်ခု ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် မြန်မာ့ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အဆောက်အဦသစ်နှင့် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၏ မြို့မအမြဲတမ်းပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ပြည်သူများလက်ဝယ်သို့ ပျိုးပင်များဝေငှခြင်း မဆောင်ရွက်မီ ပျိုးပင်များကျန်းမာကြံ့ခိုင်သန်စွမ်းစေရေးအတွက် Hardening Process ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပျိုးပင်ဝေငှရာတွင်လည်းပျိုးပင်များ အလေအလွင့် မဖြစ်စေရေးအတွက် မှတ်တမ်းများ စနစ်တကျထားရှိဆောင်ရွက်ရန်၊ ပြည်သူများစိုက်ပျိုးလိုသော နေရာများကိုလည်း ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ဆွေးနွေးမှာကြားရန်၊ စိုက်ပျိုးပြီးချိန်တွင်လည်း စိုက်ပင်ရှင်သန်မှုအခြေအနေများကို စစ်ဆေးရန်တို့ကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာန၏ ဖမ်းဆီးရမိပုံစံ(၈)သစ်များ စုပုံထားရှိမှုအား ကြည့်ရှုစစ်ဆေး၍ အမှုပြီးပြတ်ပါက အမြန်ဆုံး ထုခွဲရောင်းချနိုင်ရေးစီမံဆောင်ရွက်ရန်၊ သစ်အရည်အသွေးမကျအောင် စနစ်တကျ ထိန်းသိမ်းထားရှိဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကာကွယ်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မလှိုင်မြို့နယ်၊ သစ်တောဦးစီးဌာနက တောင်လျော်ကန်ကြိုးဝိုင်းအကွက်အမှတ် (၆)တည်ထောင်စိုက်ပျိုးထားရှိသည့် ၂၀၁၉ ခုနှစ်၊ ကျေးရွာထင်းစိုက်ခင်း (၁/၂၀၁၉)၊ ၂၀၁၈ ခုနှစ်က တောင်လျော်ကန်ကြိုးဝိုင်းအကွက်အမှတ် (၂၊ ၃၊ ၆) အတွင်း တည်ထောင်စိုက်ပျိုးထားသည့် ဒေသခံပြည်သူအဖွဲ့ပိုင်စိုက်ခင်းနှင့် မိတ္တီလာမြို့နယ်၊ သစ်တောဦးစီးဌာနက တောင်လျော်ကန်တိုးချဲ့ကြိုးဝိုင် အကွက်အမှတ် (၁၀)အတွင်း တည်ထောင် စိုက်ပျိုးထားသည့် ၂၀၁၉ ခုနှစ်၊ ကျေးရွာထင်းစိုက်ခင်း ၂/၂၀၁၉ နှင့် ၂၀၁၇ ခုနှစ်က တည်ထောင် စိုက်ပျိုးထားသည့် ဒေသခံပြည်သူအဖွဲ့ပိုင်စိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္တီလာမြို့နယ်၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဉီးစီးဌာနက တောင်လျော်ကန်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၂)နှင့်(၁၃)အတွင်း တည်ထောင်စိုက်ပျိုးထားရှိသည့် ရေဝေရေလဲစိုက်ခင်း(၂/၂၀၁၇)၊ အခြားစိုက်ခင်း(၂/၂၀၁၈)နှင့် ကျေးရွာသုံးစိုက်ခင်း(၃/၂၀၁၉)တို့အား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မိုးရေချိန်နည်းပါး၍ မြေဆီလွှာညံ့သည့် နေရာများဖြစ်သည့်အတွက် စိုက်ခင်းအတွင်း ပန္နက်လိုင်း တစ်ခုနှင့်တစ်ခုအကြား ထွန်ယက်၍ မြေဆီလွှာအရည်အသွေးတိုးတက်စေသည့် အပင်စိုက်ပျိုးခြင်းကို စီမံဆောင်ရွက်ရန်၊ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ယာသမားများအားလည်း မြေဆီလွှာအသုံးချမှုနည်းစနစ်များအား စည်းရုံးပညာပေး၍ မြေဆီလွှာအရည်အသွေးတိုးတက်လာအောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ စိုက်ခင်းရှင်းလင်းဆောင်အနီး မာတာကွတ်အပင်စိုက်ပျိုးဆောင်ရွက်ရန်၊ လာမည့်နှစ်မိုးရာသီ၌ သေပင်ဖာထေးခြင်းဆောင်ရွက်ရာတွင်လည်း မာတာကွတ်ပင်ကို အချိုးတစ်ခုဖြင့် ထည့်သွင်းဖာထေး၍ ရှင်သန်တိုးတက်မှုကို မှတ်တမ်းထားရှိဆောင်ရွက်ရန်၊ စိုက်ခင်းမီးကာကွယ်ခြင်းလုပ်ငန်းကို အထူးအလေးထားဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)