မင်းလပြည့်

 

မြန်မာနိုင်ငံ အနောက်မြောက်ဘက်တွင် နေထိုင်ကြသည့် ချင်းတိုင်းရင်းသားတို့သည် မျိုးနွယ်စု များပြားသည့်အပြင် ဝတ်စားဆင်ယင်မှုများမှာလည်း ကွဲပြားခြားနားကြသည်။ ချင်းရိုးရာဝတ်စုံများမှာလည်း လှပဆွဲဆောင်မှုရှိသဖြင့် လူကြိုက်များလှသည်။ ဥယျာဉ်ထဲတွင် ဖူးပွင့်ဝေဆာသော ရောင်စုံပန်းများသဖွယ် အရောင်အသွေး စုံလင်လှပပေသည်။ မဟာတံတိုင်းသဖွယ် တောင်စွယ်တောင်တန်း၊ တောင်းခါးပန်းများပေါ်တွင် မှီတင်းနေထိုင်ကြသည့် ချင်းတိုင်းရင်းသားများသည် မိရိုးဖလာ တောင်ယာလုပ်ငန်းအား အဓိကထား အသက်မွေးဝမ်းကျောင်းပြုကြသည်။ တောင်ယာလုပ်ငန်းများနှင့် တောင်ယာစိုက်ပျိုးခြင်းကို ခုံမင်ခင်တွယ်သော တောင်တန်းပျော် တိုင်းရင်းသားများပင် ဖြစ်ကြသည်။ တောင်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် မိမိတစ်ဦးတစ်ယောက်၏ ဆုံးဖြတ်ချက်နှင့် မိမိကြိုက်နှစ်သက်သော တောင်ယာမြေကွက်ကို ကြိုက်သည့်နှစ်တွင် ကြိုက်သလို ခုတ်ထွင်တတ်သော အလေ့အထမျိုး မဟုတ်ဘဲ သတ်မှတ်ထားသည့် မြေကွက်အား သတ်မှတ်သည့်နှစ်တွင် စနစ်တကျလုပ်ကိုင် လေ့ရှိကြကြောင်း သိရသည်။ တောင်ယာ ခုတ်ထွင်ရန် မြေကောင်းမြေမြတ်ကို သက်ကြီး ရွယ်အိုများနှင့် နတ်ဆရာများက နှစ်စဉ် အောက်တိုဘာလတွင် ရွေးချယ်သော အစဉ်အလာရှိကြသည်။ နှစ်စဉ်နိုဝင်ဘာလမှစ၍ တောင်ယာစတင် ခုတ်ထွင်ရှင်းလင်းကြသည်။ တောင်ယာခုတ်ရာတွင် ယာကွက်သက်တမ်း အနည်းဆုံး ခြောက်နှစ်၊ ခုနစ်နှစ်ကြာလာမှသာ ခုတ်လေ့ရှိပြီး ပထမဦးဆုံးခိုဆွေ့ခေါ် နတ်ဆရာက ယဇ်နတ် ပူဇော်ပသပြီးမှ လက်စား လိုက်စနစ်ဖြင့် စုပေါင်း၍ စတင်ခုတ်ထွင် ရှင်းလင်းကြသည်။ နောက်ဆုံး တောင်ယာကွက် ခုတ်ထွင်မှုပြီးဆုံးသည့်အချိန်တွင် “ဗာရေးဘု”  ခေါ် တောင်ယာခုတ်အောင်ပွဲကို ကျင်းပလေ့ ရှိကြသည်။

 

နှစ်စဉ် မတ်လရောက်သည့်အချိန်တွင် နေနှင့်လပတ်ရာလမ်းကြောင်း ရာသီခွင်ကို ကြည့်ရှုကြပြီး လကွယ်ပိုင်း ရောက်ခါနီးအချိန် တွင် တောင်ယာကွက် ပတ်ပတ်လည်တွင် မြိုင်လမ်းခေါ်သည့် မီးတားလမ်းများအား ပြုလုပ်ကြသည်။ Taiko tairih “တိုင်းကိုတိုင်းရိ” ဟုခေါ်သည့် မတ်လ လကွယ်ပိုင်း ၇ ရက်၊ ၉ ရက် ရောက်သည့်အချိန်တွင် မီးရှို့လေ့ရှိကြသည်။ တောင်ယာမီးရှို့ပြီးပါက ယဇ်နတ်ပူဇော် ပြီး ယာတဲဆောက်လုပ်ခြင်း၊ မျိုးကြဲခြင်းလုပ်ငန်းများကို မိသားစုစုံစုံညီညီ မောင်တစ်ထမ်း မယ်တစ်ရွက် လုပ်ဆောင်ကြသည်။ လူငယ် လူရွယ်များ လက်စားလိုက်စနစ်ဖြင့် စူးထိုး ကောက်စိုက်ကြပြီး လုပ်ငန်းပြီးဆုံးသည့်အချိန်တွင် အုပ်စုအလိုက် တာရွေ့ဒိန်းခေါ မုန့်ထောင်းပွဲကို ကျင်းပကြသည်။ ထို အတောအတွင်း မိုးခေါင်ပါက ရွာလုံးကျွတ် ချောင်းသို့သွားကြ၍ ချောင်းထဲတွင် ဆေးမင်း မြစ်များထုထောင်းကာ “လိုရုမ်း” ခေါ် မိုးခေါ်ပွဲ ကို ကျင်းပကြသည်။

 

မတူချင်းလူမျိုးတို့သည် “မင်ရိုင်း” ၊ “ဆာထွီး” ခေါ် “ခို”  နတ်ဘုရားကို ယုံကြည်ကိုးစားကြသည်။ “ခို” ဆိုသည်မှာ မိုးကောင်းကင်၊ တောတောင်၊ လူ့ပြည်လူ့ရွာ၊ နေထိုင်မှီတင်းရာ အရပ်၊ နေမင်းဟုဆိုလိုပြီး “သူး” ဆိုသည်မှာ အချိန်ကာလ၊ ပွဲလမ်းသဘင်ဟု အဓိပ္ပာယ်ရ သည်။ “လို” ဆိုသည်မှာ တောင်ယာ၊ “ဆာခ့်” ဆိုသည်မှာ တည်ဆောက်ခြင်း၊ တိုးပွားခြင်း ပြုလုပ်ခြင်းဟု အဓိပ္ပာယ်ရရှိပြီး လိုဆာခ့်ခိုသူး ပွဲတော်ဆိုသည်မှာ တောင်ယာထွက် ဟင်းသီး ဟင်းရွက်၊ သီးနှံပင်များ စတင်စာသုံးနိုင်ရန် “ဆာထွီး”ခေါ် ခိုနတ်ဘုရားအား ပူဇော်ပသသည့် ပွဲတော်ပင်ဖြစ်သည်။

 

ရှေးယခင်က တောင်ယာနှစ် ရာသီခွင်အတွင်း တစ်မျိုးသားလုံး ရောဂါဘယကင်းဝေးရန် ရည်ရွယ်ပြီး လိုဆာခ့်ခိုသူးပွဲကို ဇူလိုင် လကွယ်တွင် ကျင်းပလေ့ရှိကြသည်။ လကွယ်ခြင်းနှင့်အတူ မကောင်းဆိုးဝါးဘေးရန်များ၊ ရောဂါဘယများက အားလုံးကွယ်ပျောက်သွားသည်ဟု ယုံကြည်ကြသည်။ တောင်သူဦးကြီးတို့ သည် ဇူလိုင်လဆန်းရောက်သည်နှင့် တစ်ပြိုင် နက် ယာလမ်းရှင်းခြင်း၊ ယာတဲပြင်ခြင်း၊ ရပ်ရွာ သန့်ရှင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်ကြ သည်။ ဇူလိုင်လပြည့်ကျော်ပိုင်းရောက်သည့် အချိန်တွင် သက်ကြီးရွယ်အိုများနှင့် “ခိုဆွေ့” ခေါ် နတ်ပဆန်း (နတ်ဆရာ) ဆရာများက နေပတ်ရာလမ်းကြောင်းနှင့် လပတ်ရာလမ်း ကြောင်းများကို ကြည့်ရှုကြကာ လိုဆာခ့်ခိုသူး ရက်မြတ်မင်္ဂလာ ရောက်ရှိပြီဖြစ်ကြောင်း မောင်းငယ်တီးပြီး အသိပေးကြေညာခဲ့သည်။ ခိုသူးမောင်းသံကြားသည်နှင့် တစ်ပြိုင်နက် တောင်ယာသို့ သွားနေကြသူများက လမ်းခုလတ်မှ အိမ်သို့ပြန်လှည့်လာခဲ့ကြရသည်။ အိမ်တိုင်း လိုလို ခိုသူး မောင်းသံများ ဝေစည်အောင်တီး ၍ ရွာတွင်း၌ အသံများ စီညံလာပါတော့သည်။ ထိုနေ့ကို “ ဟုခ်ခိုဟဲင်” အကြိုနေ့လို့ခေါ်သည်။ “Huek- hnin” ဟုခ်ခိုဟဲင်ခေါ် အကြိုနေ့မှာ တစ်ပြည်ဆံ့ရိုးရာခေါင်အိုးကို အိမ်တိုင်းလိုလို ကြက်ခြင်းရက်လုပ်နေကြသည်။

 

 

ပွဲနေ့တွင် တောင်သူဦးကြီးများက အရုဏ်မကျင်းမီ ဝေလီဝေလင်းအချိန်တွင် ရိုးရာဝတ်စုံများဝတ်ဆင်ပြီး ယဇ်ကောင်အဖြစ် ကြက်ဖကို ယူဆောင်ကာ တောင်ယာသို့ သွား ကြသည်။ တောင်ယာရောက်လျှင် ကြက်ကိုသတ်ပြီး ကြက်ရိုးဗေဒင် ကြည့်ရှုစစ်ဆေးကြကာ တစ်နှစ်တာအတွက် ရာသီခွင်နှင့် သာရေး၊ နာရေးကိစ္စရပ်များ၊ တောင်ယာလုပ်ငန်း အခြေအနေများကို ဟောကိန်းများထုတ်ကြသည်။ ရာသီဥတုအခြေအနေ၊ အမဲလိုက်လျှင် သားကောင်ရရှိနိုင်မှု အခြေအနေ၊ တောင်ယာစပါး အောင်မြင်နိုင်မှု အခြေအနေများ ပါဝင်ပေသည်။ တောင်သူဦးကြီးတို့ ယဇ်ကောင်ကြက်ခြင်းကို ယာတဲရှေ့ရှိ “Hawnkeg /Hawnkeg”   ခေါ် သစ်ငုပ်ပေါ်တွင် ချိတ်ဆွဲထားသည်။ ကြက်သွေးဖြင့် ယာတဲဝန်းကျင်ရှိ စပါးပင်များ သုတ်လိမ်းခြင်း၊ ယာတဲတိုင်များတွင် သုတ်လိမ်းခြင်းများ ပြုလုပ်ခြင်း၊ အသင့်ပါလာသည့် ခေါင်ရည်များဖြင့် စပါးပင်များကို ပက်ဖျန်းကြသည်။ ထိုသို့ပြုလုပ်မှသာ စပါးပင် ရှင်သန်ပြီး အထွက်နှုန်းကောင်းစေသည်ဟု မတူချင်းတိုင်းရင်းသားများက ယုံကြည်ကြသည်။

 

ယဇ်ကောင်ကို တောင်ယာထွက် ဟင်းသီးဟင်းရွက်နှင့်အတူ ရောချက်ကြသည်။ ]]Tui Si Tiem}}  “တီဆူ သုမ်၊ တွီဆီသုမ်” ခေါ် ဟင်းရည်များ ဖိတ်မကျ လေအောင် အထူးသတိပြုရသည်။ အကယ်၍ ဟင်းအိုး ဆူပွက်ချိန်တွင် ဟင်းရည်ဖိတ်ကျမိပါက ယာရှင်နာမကျန်းဖြစ်နိုင်သည့်အပြင် စပါးထွက်နှုန်း လျော့နည်းသည်ဟု ယုံကြည်လေ့ရှိကြသည်။ တောင်ယာမှာ ယဇ်ကောင်ဖြင့် ပူဇော်ပသခြင်းအားဖြင့် ယာသီးနှံများ ရှင်သန်ဖွံ့ထွားလာပြီး အထွက်နှုန်းကောင်းသည်ဟု ယုံကြည်ကြသည်။ တောင်ယာထွက် စပါးရွက်များ၊ ဟင်းသီးဟင်းရွက်များကို ခူးယူကြသည်။ လူး၊ ဆပ် အနှံများကို ခူးယူကာကြက်တောင် မွေးနှင့်အတူ ခေါင်းတွင်ပန်ဆင်လျက် အိမ်သို့ ပျော်ပျော်ပါးပါးပြန်လာခဲ့ကြသည်။ အိမ်သို့ ရောက်သောအခါ ကြက်၊ ဝက်၊ ဆိတ်များကို သတ်ကာ နတ်ယဇ်ပူဇော်ကြသည်။ ယဇ်ပူဇော်ရာတွင် မတူချင်းလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှုအရ လုံထူ၊ ရိန်ဆူးတ်၊ ဝေ ဆိုသည့် အိမ်၌ အဓိကကျသည့် နေရာများတွင် သွေး သွန်းလောင်းခဲ့ကြပြီးနောက် ထမင်းလက်ဆုံ စားပွဲကို အိမ်နီးနားချင်း၊ ဆွေမျိုးများအား တည်ခင်းလေ့ရှိသည်။ ထိုနေ့မှာပင် ခိုသူးဘုံ မောင်းနှင့်အတူ “တန်လားအောကိုင်းခိုးလား စက်ဆိ၊ တန်းလားဘွေးပါဆိုးလ်ဆိ” ဆိုလို သည်မှာ “မေတ္တာသက်ဝင်၊ ချစ်သက်လျာ ပျိုကညာ၊ တို့ရွာတက်ချီကြအံ့၊ မေတ္တာအရှင် သက်ထားခင်၊ ခေါ်ယူဆွဲငင်အံ့” ဟု အဓိပ္ပာယ် ရသော ရိုးရာခိုသူးတေးသီချင်းများနှင့်အတူ သီဆိုကခုန်ကြသည်။ အိမ်နီးနားချင်းများနှင့် ထမင်းဟင်းရည်များ ဖလှယ်ကြသည်။ တစ်ဦးနှင့်တစ်ဦး အသားဟင်းတုံးများ၊ ထမင်းများ ခွံ့ကျွေးကြခြင်း၊ ခေါင်ရည်များ အပြန်အလှန် တိုက်ကြခြင်းဖြင့် ပွဲတော်ကို ဆင်နွှဲကြသည်။ သက်ကြီးရွယ်အိုများက ရှေးဟောင်း နှောင်းဖြစ် ဘဝအတွေ့အကြုံများကို လွမ်းတသသဖြင့် ရိုးရာတေးဖြင့် တစ်လှည့်စီရင်ဖွင့် သီဆိုနေကြချိန်တွင် ကာလသားလူငယ် လူရွယ်များက ဒိုင်း၊ လွှများကို ကိုင်ကာ ကွင်းပြင်၌ ကကြရင်း “တန်လာဆိုလ်း”  လို့ခေါ် သည့် တစ်အိမ်တက် တစ်အိမ်ဆင်း ခေါင်ရည်၊ ထမင်းဧည့်ခံပွဲကို စတင်ဆင်နွှဲကြသည်။ တစ်အိမ်တက် တစ်အိမ်ဆင်း ပျော်ပျော်ပါးပါး ကပြသီဆိုကြရင်း အတူလက်ဆုံ စားသောက်ကြ သည်။ အသားခြောက်များ၊ ငှက်သားခြောက် များကို မေတ္တာလက်ဆောင်အဖြစ် အချင်းချင်း ပေးလှူကြသည်။ ကာလသားများသည် စစ်မှု စွမ်းရည်နှင့် လက်ရုံးရည်၊ နှလုံးရည်ယှဉ်ပြိုင် ကြတဲ့ “ဒေနားထေး” ခေါ် သားရေထိုးပွဲကို စတင်ကျင်းပကြသည်။ သားရေထိုးပွဲမှာ ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက်၊ လူမျိုး နွယ်စုအလိုက် ယောကျာ်းကောင်းများ ရွေးချယ် ယှဉ်ပြိုင်စေခြင်းပင်ဖြစ်သည်။ ထိုပြိုင်ပွဲမှာ သွေးထွက်သံယိုမှုများ ရှိသော်လည်း တစ်ဦးအပေါ်တစ်ဦး အာဃာတမထားဘဲ လက်ဆွဲနှုတ်ဆက် ဖက်ရမ်းရင်း ကုန်ဆုံးစေခဲ့သည်။ အချိန်ကုန်၍ ပြိုင်ပွဲမဝင်နိုင်မိပါက နောက်နှစ်မှာ ဆက်ဆက်ယှဉ်ပြိုင်ကြရန် ကတိထား သစ္စာဆိုကြသည်။ ပြိုင်ပွဲအနိုင်ရသူများကို ပြိုင်ပွဲကျင်းပမည့်နေရာမှ တိုလ်လုံးခေါင် ဆွေမျိုးစုအတွက် သတ်မှတ်ထားတဲ့ ကွင်းပြင်အထိ ကုန်းပိုးခြင်းဖြင့် ဂုဏ်ပြုကြသည်။ ညနေစောင်းတွင် ရပ်ကွက်အလိုက် ဆွေမျိုးစုအလိုက် သူရဲကောင်းအဖြစ် ခေါင်ပွဲများဖြင့် ဂုဏ်ပြုဧည့်ခံပေးခဲ့ကြသော အစဉ်အလာများအား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ဆဲပင် ဖြစ်သည်။

 

မတူလူမျိုးနွယ်စုများ နေထိုင်သော ကျေးလက်တောရွာ ဒေသများတွင် နယ်မြေ ဒေသကွဲပြားမှု၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲ မှုများကြောင့် ခိုသူးပွဲတော်ကို ဆင်ယင်ကျင်းပပုံ နှင့် ကျင်းပရက်များသည် တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်းဆိုသကဲ့သို့ ဘာသာစကားအနည်းငယ် ကွဲပြားကြသည်။ အခေါ်အဝေါ်လည်း ကွဲပြားကြကြောင်း သိရသည်။ အချို့က လိုဆာခ့်ခိုသူး၊ ကုမ်လွယ်ခိုသူး၊ ခိုနင်ခိုသူး၊ ခိုသူးခိုတန်၊ အိန်အွန်းခိုသူး၊ အနင် ကစော၊ အန်အေးပွဲစသည်ဖြင့် အသီးသီး ခေါ်ဝေါ်ကြပြီး ပွဲတော်ကျင်းပမည့် နေ့ရက်တွင်လည်း အနည်းငယ် မတူကြပေ။ လိုဆာခ့်ခိုသူး ပွဲတော်သည် စည်းလုံးညီညွတ်မှု၊ စုပေါင်း ဆောင်ရွက်တတ်မှု၊ သက်ကြီးဝါကြီးများအား ရိုသေလေးစားတတ်မှု၊ အဓိပ္ပာယ် ပြည့်ဝသည့်၊ အနှစ်သာရပြည့်ဝသည့် မတူချင်း တိုင်းရင်းသားတို့၏ ထင်ရှားသော ရိုးရာပွဲတော်ကြီး တစ်ခုပင်ဖြစ်သည်။ လူကြီးများက အိမ်ထဲတွင် ခေါင်ရည်သောက်နေချိန်တွင် ရှေးဟောင်း နှောင်းဖြစ်များ လွမ်းတမ်းသရင်း ရိုးရာတေး များ တစ်လှည့်စီသီဆိုကြသည်။ ကာလသား များက မောင်းတီး၍သားရေထိုးပွဲ (နွားနောက် သားရေများကို ဒိုင်းအဖြစ် ကိုင်ဆောင်ကာ အားချင်းပြိုင် တွန်းထိုးသည့်ပြိုင်ပွဲ) လည်း ကျင်းပကြကာ အချို့က သီချင်းအမျိုးမျိုးကို တစ်မျိုးစီ အဆက်မပြတ် မနားမနေသီဆိုနေ ကြသည်။ ယင်းပွဲတော်ကို နှစ်ရက်၊ သုံးရက် အချိန်အထိ ခေါင်ရည်၊ အတီးအမှုတ်၊ ရိုးရာအက များဖြင့် ခြိမ့်ခြိမ့်သဲ ကျင်းပကာ ညသန်းခေါင်ယံ အချိန်တွင် အဆုံးသတ်လေ့ ရှိကြသည်။

 

၁၉၄၉ ခုနှစ် မတ် ၇ ရက်တွင် ချင်းရေးရာကော်မတီမှ ရွေးချယ်ခန့်ထားသော ကော်မတီအဖွဲ့၏ အစည်းအဝေးဆွေးနွေး ဆုံးဖြတ်ချက်အရ အောက်တိုဘာ ၂၆ ရက်မှ ၂၈ရက်အထိ သုံးရက်ကို Kumthar  ခေါ် ချင်းအမျိုးသား နှစ်သစ်ကူး ပွဲနေ့ဟု ခေါ်တွင် သတ်မှတ်ပေးရန်၊ ဧပြီ ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကို Khuahrumdo ခရွမ်းဒိုခေါ်နတ်များကို ပူဇော်ပသ၍ ဆုတောင်း ပတ္ထနာပြုလုပ်သည့်ပွဲနေ့ဟု ခေါ်တွင် သတ်မှတ်ပေးရန်၊ ဇူလိုင် ၁၆ ရက်မှစ၍ ၁၇ ရက်အထိ နှစ်ရက်ကို  Fangnothawi ဖန်းနိုးထွိုင်းခေါ် နတ်များကို ပူဇော်ပသသည့် နေ့ဟု ခေါ်တွင်သတ်မှတ်ပေးရန် ဖန်းနိုးထွိုင်းဟု ခေါ်တွင်ရခြင်းအကြောင်းရင်းနှင့် ရည်ရွယ် ချက်များမှာ ထွားကျိုင်းသန်မာစေရန် ရည်စူး၍ ချင်းအမျိုးသားတို့ ဓလေ့ထုံးစံအလျောက် ထိုနေ့များတွင် နတ်များကို ပူဇော်ပသခြင်း ပြုလုပ်ကြကြောင်း မှတ်တမ်းတင်ထားသည်ကို လေ့လာတွေ့ရှိရသည်။

 

ဘိုးဘေးတို့လည်း မတူရိုးရာ လိုဆာခ့် ခိုသူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်းလက်ဆင့်ကမ်း ကျင်းပလာခဲ့ကြရာ ပြည်သူ့ကောင်စီခေတ်တွင် မတူပီမြို့နယ် ရိုးရာယဉ်ကျေးမှုပွဲတော်အဖြစ် အသိအမှတ်ပြုပြီးနှစ်စဉ် ဇူလိုင်လ ၁၅ရက်တွင် တစ်ပြိုင်တည်းကျင်းပကြရန် သတ်မှတ်ခဲ့ကြ သည်။ ထိုအချိန်မှစ၍ မတူပီမြို့နယ် တစ်မျိုးသားလုံး၏ ရိုးရာပွဲတော်ကြီးအဖြစ် တည်ရှိလာကြသည်။ 

 

လိုဆာခ့်ခိုသူးပွဲတော် အစဉ်အလာမပျက် ကျင်းပခဲ့ကြခြင်းမှာ ကျေးဇူးရှင်ဦးကြီးများသည် မိမိလုပ်အား ကိုရင်း၍ တောင်ယာလုပ်ငန်းကို ဝိုင်းဝန်းလုပ်ကိုင်ကြပြီး ဖြစ်ထွန်းလာသည့် ဟင်းသီးဟင်းရွက်သီးနှံများအား ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်သကဲ့သို့ ရွာသားအချင်းချင်း လူကြီးလူငယ် လူတန်းစား မရွေး အေးအတူပူအမျှ လက်တွဲရင်း ရိုးရာ ခိုသူးတေး သီဆိုကြကာ အချင်းချင်းချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်ခံ့စေသည့် သမိုင်းအစဉ်အလာ ထိန်းသိမ်းရခြင်းပင်ဖြစ်ပေသည်။ ယင်းအပြင် မိမိတို့ ကိုးကွယ်ယုံကြည်မှုအရ ပူဇော်ပသပြီးမှသာလျှင် တောင်ယာသီးနှံများကို စားသုံးလေ့ရှိကြသည်။ ဘိုးဘေးတို့၏ ယုံကြည်မှုကို လေးစားအတုယူဖွယ်ပင်ဖြစ်သည်။ မိမိတို့ စုဆောင်းရမိသော ငါးများ၊ ရရှိသော တောကောင်များအား ရွာလုံးကျွတ် အညီအမျှပေးဝေတတ်သော အစဉ်အလာကောင်းများကိုလည်း နှောင်းခေတ်လူတို့ စံပြုအလေးထားနိုင်စေရန် လက်ဆင့်ကမ်းကျင်းပ ရခြင်းဖြစ်ပေသည်။

 

မြန်မာနိုင်ငံအတွင်းရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား မျိုးဆက်သစ်လူငယ်များက ရိုးရာမျိုးနွယ်များ ကို စောင့်ထိန်းရန် တာဝန်ရှိပေသည်။ လူမျိုး တစ်မျိုး၏ အသက်သည် ဘာသာစကားပင် ဖြစ်သည်။ ဘာသာစကား၏ အုတ်မြစ်သည် စာပေပင်ဖြစ်ပေသည်။ ယနေ့ လူငယ်များက အနာဂတ်၏ ထွန်းလင်းတောက်ပလာမည့် ကြယ်ပွင့်များဖြစ်သကဲ့သို့ လူမျိုးအလိုက် စာပေများကိုလည်း အလေးအနက်ထားပြီး သင်ယူကြရမည်ဖြစ်ပေသည်။ ယဉ်ကျေးမှုအမွေအနှစ် ကိုထိန်းသိမ်းခြင်း၊ မျိုးနွယ်ဘာသာ စကားကို ပြောဆိုသုံးနှုန်းခြင်း၊ ရိုးရာစာပေများကို သင်ယူခြင်းများအား စောင့်ထိန်းပြုလုပ်ရပေမည်။ ယဉ်ကျေးမှုပျောက်က လူမျိုးပျောက်မည်။ ယဉ်ကျေးမှုတိုးတက်ပါက တိုင်းပြည် တိုးတက်မည်ဟူသော ဆောင်ပုဒ်ကို နှလုံးသွင်း ခံယူကာ ရိုးရာအကဆာခ့်ခိုသူးပွဲတော်ကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်း မတူချင်းတိုင်းရင်းသားတိုင်း က သိရှိ စောင့်ထိန်းလျက် ရှိပေသည်။ ချင်း ပြည်နယ်တောင်ပိုင်းရှိ မတူပီမြို့နယ်တွင် မတူချင်းတိုင်းရင်းသားများ အများဆုံးနေထိုင်ပြီး ဇိုတုန်၊ မရမ်(မရာ)၊ လောက်တူး၊ ဒိုင်ရ် (ရင်ဒူး)တိုင်းရင်းသားများလည်း စုပေါင်း နေထိုင်လျက်ရှိသည်။ မတူပီမြို့နယ်ရှိ မတူချင်းတိုင်းရင်းသားတို့၏ စိတ်ဝင်စားဖွယ် ကောင်းသော ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို သိရှိနိုင်စေရန်ရည်ရွယ်၍ လေ့လာရေးသားလိုက်ရပါသည်။

 

ကြေးမုံ