၁၄  ဇန်နဝါရီ

ဩစတြေးလျတောမီးနဲ့ အမေဇုန်တောမီးအပါအဝင် လူသားတွေကြောင့်နဲ့ သဘာဝတရားတွေရဲ့ ဖောက်ပြန်မှုတွေကြောင့် ဒီနေ့ကမ္ဘာကြီးဟာ တဖြည်းဖြည်းနဲ့ ဆိုးရွားလာတဲ့အနေအထားကို ရောက်နေပါတယ်။ ထို့အတူ ရုပ်ကြွင်းလောင် စာသုံးစွဲမှုတွေကို ချက်ချင်းမရပ်တန့်ဘူးဆိုရင် ကမ္ဘာကြီးဟာ ရာသီဥတု ဘေးအန္တရာယ်ကိုခံစားရမယ်လို့ နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အကဲဖြတ်မှတ်တမ်းမှာ ကုလသမဂ္ဂ က ပြောခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အမျိုးမျိုးသော ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို မလျှော့ချဘူးဆိုရင် ကမ္ဘာကြီးဟာ အနှေးနဲ့အမြန် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရတော့မယ့် အနေအထားပါ။

ကာဗွန်ကင်းစင်တဲ့ ကမ္ဘာကြီး

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်က ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို တစ်နှစ်ချင်းစီအလိုက် ၇ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချရမယ်လို့ ဆိုပါတယ်။ လျှော့ချရုံနဲ့တင်မပြီးဘဲ အဲဒီနှုန်းအတိုင်း ၂၀၃၀ အထိလုပ်ဆောင်ရမှာ ဖြစ်ပါတယ်လို့ အဲဒီ အဖွဲ့က ပြောပါတယ်။ အဲဒီလိုလုပ်ခြင်းဟာ ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဆဲလ်စီးရပ် ပမာဏမြင့်တက်လာမှုကို ကန့်သတ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီလိုမှမဟုတ်ပါက ကမ္ဘာကြီးဟာ တစ်နေ့တခြား ပိုပူလာမှာပဲ ဖြစ်ပါတယ်။

တကယ့်လက်တွေ့မှာတော့

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကစပြီး ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေဟာ နှစ်စဉ်နှစ်တိုင်း ၁ ဒသမ ၅ ရာခိုင်နှုန်းထက်ပိုခဲ့ပါတယ်။ အကျိုးဆက်အားဖြင့် ၂၀၁၈ ခုနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သို့မဟုတ် ၎င်းနဲ့တူတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေဟာ ၅၅ ဒသမ ၃ ဘီလီယံတန်အထိ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံကရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပါရီသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး သုံးနှစ်အကြာမှာ အဲဒီလို စံချိန်တင်ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပါရီသဘောတူညီချက်ဟာ အပူချိန်မြင့်တက်နေမှုတွေကို စက်မှုမတိုင်မီ အဆင့်ဖြစ်တဲ့ ၂ ဒီဂရီ စင်တီဂရိတ် အဲဒီထက် ပိုပြီးအန္တရာယ် ကင်းတဲ့အဆင့်ဖြစ်တဲ့ ၁ ဒသမ ၅ ဒီဂရီစင်တီ ဂရိတ်အဆင့်အထိ လျှော့ချဖို့ နိုင်ငံတွေကို ကတိပေးထားပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် နိုင်ငံတွေအနေနဲ့ ဆယ်စုနှစ်အတွင်း ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျှော့ချဖို့ လိုအပ်ပြီး ကာဗွန်ကင်းစင်တဲ့ သို့မဟုတ် လျော့နည်းသွားတဲ့ ကမ္ဘာကြီးဆီကို ချီတက် ဖို အတူတကွ ကြိုးစားကြရမှာပဲဖြစ်ပါတယ်။

အလှမ်းဝေးသွားမယ်

အပူချိန်မြင့်တက်နေမှုတွေကို ၁ ဒသမ ၅ အဆင့်အထိလျှော့ချဖို့ဆိုတဲ့ ရည်မှန်းချက်ဟာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လောင်စာဆီနဲ့ ဓာတ်ငွေ့သုံးစွဲမှုမြင့်တက် လာတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေမှာ အခုကိစ္စဟာ ကြုံတောင့်ကြုံခဲကိစ္စတစ်ခုလို့ ရှုမြင်မိပါတယ်။ ကမ္ဘာ့နိုင်ငံတွေဟာ ပါရီသဘောတူညီချက်မှာ ပေးခဲ့တဲ့ကတိတွေအတိုင်း ကောင်းစွာ စောင့်ထိန်းအကောင်အထည် ဖော်မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ အပူချိန်အဆင့်အောက်မှာပဲ ဆက်လက်ရှိနေမယ့် သဘောကိုလည်း တွေ့ရပါတယ်။ လက်ရှိ ပါရီ သဘောတူညီချက်ကိုသာ အကောင်အထည် မဖော်နိုင်သေးဘူးဆိုရင် ကမ္ဘာကြီးဟာ အပူချိန် ၃ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်မြင့်တက်လာမယ့် အခြေအနေ ဖြစ်ပါတယ်။ အဲဒီအခြေအနေဟာ သိပ္ပံပညာရှင် တွေခန့်မှန်းပုံအရ ဆိုရင် လူ့အသိုင်းအဝိုင်းကြီး ကို ဘေးအန္တရာယ်ဖြစ်စေမယ့် အနေအထား ဖြစ်ပါတယ်။

မိမိတို့အနေနဲ့ ကမ္ဘာ့ရာသီဥတုဘေး အန္တရာယ်အပေါ်နဲ့ ကမ္ဘာ့ဓာတ်ငွေ့ ထုတ်လွှတ် မှုအပေါ် သတ်မှတ်ထားတဲ့ ပမာဏအထိ သိသိ သာလျှော့ချမယ့် အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းမလုပ်ဘူးဆိုရင်တော့ မိမိတို့ ရည်မှန်းထားတဲ့ အပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အောက်လျှော့ချဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ အလှမ်းဝေးသွားမှာပဲဖြစ်ပါတယ်လို့ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး အန်ဒါဆန်က ပြောပါတယ်။

ဆယ်နှစ်မြောက်သို့ ဝင်ရောက်လာပြီဖြစ်တဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှု ကွာဟချက် အစီရင်ခံစာမှာတော့ အစိုးရရဲ့ အရေးယူဆောင်ရွက်မှု ပျက်ကွက်ခြင်းတွေကို ဖော်ပြထားပါတယ်။ သိသာတဲ့ ရာသီဥတုဆိုင်ရာ အရေးယူ ဆောင်ရွက်မှုတွေကို၂၀၁၀ ပြည့်နှစ်လောက်မှာ စတင်ခဲ့ကြပါတယ်။ အဲဒီအချိန်ဟာ နှစ်စဉ် ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို လျှော့ချဖို့ အငြင်းပွားနေတဲ့ ကိုပင်ဟေဂင်အစည်း အလေးပြီးသွားပြီးတဲ့အချိန်ပဲ ဖြစ်ပါတယ်။

နိုင်ငံများကြား အကြံပြုဆွေးနွေးမှုများ ကွာခြားလျက်ရှိသော်လည်း အဓိကလုပ်ဆောင် ရမယ့်ဟာကတော့ ရှင်းပါတယ်။ အဲဒါကတော့ ကျောက်မီးသွေးအသုံးပြုမှု လုံးဝရုပ်သိမ်းရေး၊ လောင်စာဆီနှင့် ဓာတ်ငွေ့ အသုံးပြုမှု လျှော့ချ ရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်ကို အံ့ဩဖွယ်ဖြစ် အောင် အမြန်တည်ဆောက်ရေးစတဲ့ ကိစ္စတွေ ကို လုပ်ဆောင်သွားရမှာပဲဖြစ်ပါတယ်။ ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေကို မလုပ်ဘဲ နှောင့်နှေးကြန့်ကြာနေတဲ့ ဆယ်နှစ်ဆိုတဲ့အချိန်ဟာ ယနေ့ကျွန်တော်တို့ ရာသီဥတုဆိုင်ရာ ဘေးဒုက္ခတွေကို ရင်ဆိုင်နေရတဲ့ အခြေအနေတွေဆီကို တွန်းပို့နေတယ်လို့ အန်ဒါဆန်က ပြောပါတယ်။ ဓာတ်ငွေ့ထုတ် လွှတ်မှုတွေကို အကြီးစားလုပ်နေတဲ့ စက်ရုံလုပ်ငန်းရှင်ကြီးတွေအနေနဲ့လည်း ပါရီရာသီ ဥတုဆိုင်ရာ သဘောတူညီချက်အတိုင်းသာ လုပ်ဆောင်သင့်တယ်လို့ အဲဒီဓာတ်ငွေ့ ထုတ်လွှတ်မှုကွာဟချက် အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ စက်မှုထိပ်သီးနိုင်ငံ ၂၀ အနေနဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေရဲ့ ၇၈ ရာခိုင်နှုန်းလောက် ထုတ်လုပ်ကြသော်လည်း ဒီအရေးမှာ ဖင့်လေးနေတဲ့ သဘောကို တွေ့ရပါတယ်။ စက်မှု ထိပ်သီးနိုင်ငံအနက် ၁၅ နိုင်ငံခန့်သာ ပိုလည်းမပို လိုလည်းမလိုဘဲ ပကတိအခြေ အနေအတိုင်းရောက်အောင် ကြိုးစားနေကြပါတယ်။

ဝိုင်းဝန်းထိန်းသိမ်း

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်မှာ သူတို့ရဲ့ ဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ လိုလာပြီ ဖြစ်ပါတယ်။ နှစ်တိုးပြောင်းလဲမှုလေး လုပ်ဆောင်နေရုံနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘဲ ၁၀ နှစ်အတွင်းမှာ လူ့ဘောင်အဖွဲ့အစည်းကြီး တစ်ခုလုံး ပြောင်းလဲလုပ်ဆောင်ဖို့ လိုလာပြီဖြစ်တယ်လို့ ရာသီဥတုဆိုင်ရာ ဦးဆောင်စာရေးဆရာ တစ်ဦးဖြစ်တဲ့ ဂျွန်ခရစ်စတင်ဆန်က ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်ဟာ ရာသီဥတုဆိုင်ရာ တိုက်ပွဲဖြစ်ပွားမယ့် သမိုင်းဆိုင်ရာပြောင်း လဲမှုနှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်လို့ ရာသီဥတုဆိုင်ရာ ဥရောပကွန်ရက် ညွှန်ကြား ရေးမှူး ဝမ်ဒယ်ထရိုင်ယိုက ပြောပါတယ်။ လူသန်းပေါင်းများစွာတို့ ရာသီဥတုဆိုင်ရာအတွက် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ပြုလုပ်မှသာလျှင် နိုင်ငံရေးသမားတွေအနေနဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေရဲ့ ပြောဆိုချက်အတိုင်း လိုက်ပါ လုပ်ဆောင်စေလာမယ်ဖြစ်တယ်လို့ ထရိုင်ယိုက ဆက်လက်ပြောပါတယ်။ ။

ဒီအဆိုကို ဂရီတာသွန်းဘာ့ဂျ်က သက်သေပြသနေသလိုပါပဲ။ အခုဆိုရင် ရာသီဥတုနဲ့ဆိုင်တဲ့ဆန္ဒပြမှုတွေဟာ ကမ္ဘာတစ်ဝန်းမှာ ကူးစက်ပျံ့နှံ့ခဲ့ပါပြီဖြစ်သလို ဝိုင်းဝန်းထိန်းသိမ်းဖို့လည်း လိုအပ်လာပြီဖြစ် ပါတယ်။ ။

ထွန်းသစ်စ

ကိုးကား-အေအက်ဖ်ပီ