နေပြည်တော် ၁၄ ဇန်နဝါရီ
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့ (DIPD) ၏ ဒါရိုက်တာ Mrs. LisbethPilegaard အား ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် DIPD အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေးစနစ် ပိုမိုခိုင်မာအားကောင်းစေရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပ သွားနိုင်ရေး၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးများနှင့်လူငယ်များ စွမ်းဆောင်ရည် မြင့်မားရေးနှင့် နိုင်ငံရေးတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်နိုင်ရေးအတွက် အကူအညီပေးနိုင်ရေး ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်၊ အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
သတင်းစဉ်