ရန်ကုန် ၁၁ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၇ ရက်နေ့က သက်သေများနှင့်အတူ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်း လမ်းမကြီး၊ ရုံးရှေ့ကား မှတ်တိုင်တွင် သတင်းစုံစမ်းဆောင်ရွက်နေစဉ် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်နေ မ------ သည် YBS ကားပေါ်သို့ တက်ရောက်စဉ် ၎င်း၏ လက်ကိုင်ဖုန်း ခါးပိုက်နှိုက်ခံရကြောင်း အော်ဟစ် အကူအညီ တောင်းသဖြင့် အနီးရှိ ရဲတပ်ဖွဲ့ဝင်များနှင့်သက်သေများသည် ခါးပိုက်နှိုက်ကျူးလွန်သူ လှိုင်သာယာ မြို့နယ်၊ရေဥက္ကံကျေးရွာ၊ ကျောက်စိမ်းလမ်းနေသူများဖြစ်သည့် မင်းမင်း (၃၁)နှစ်နှင့် မောင်ခင်(၃၅)နှစ်တို့အား ဝိုင်းဝန်းဖမ်းဆီးရခဲ့သည်။
၎င်းတို့အား ရှာဖွေစစ်ဆေးရာ မ-----၏ ဖုန်း SAMSUNG J2 Prime အမျိုးအစား လက်ကိုင်ဖုန်းကို ပြန်လည်ရရှိပြီး မင်းမင်း ဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီအတွင်းမှလည်း Huawei cun-U29 အမျိုးအစားဖုန်း(၁)လုံးအား တွေ့ရှိ၍ စစ်ဆေးမေးကာ ၎င်းမှာ ၆.၁.၂၀၁၉ ရက်နေ့ ၁၇:၀ဝ အချိန် လှိုင်သာယာမြို့နယ်အတွင်း လမ်းမပေါ် တွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံမှ နှိုက်ယူခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ မင်းမင်းနှင့်မောင်ခင်အား ထပ်မံစစ်ဆေးခဲ့ရာ ၎င်းတို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် လှိုင်သာယာမြို့နယ်၊ ရန်ကုန်- ညောင်တုန်းလမ်းမကြီးပြေးဆွဲနေသော ယာဉ်လိုင်းများတွင် (၃)ထိပ်ကားမှတ်တိုင်အနီး၌ ခရီးသည်တင်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသမီးနှစ်ဦးလွယ်ထား သည့်ကျောပိုးအိတ်အတွင်းမှ HUAWEI Y- 300 အမျိုးအစားဖုန်း(၁)လုံးနှင့် Red MI5 အမျိုးအစားဖုန်း(၁)လုံး၊ ရုံးရှေ့မှတ်တိုင်အရောက်တွင် ခရီးသည်တင်ယာဉ်ပေါ်မှ ဆင်းလာသည့် အမျိုးသမီးနှစ်ဦးလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ MY Phone အမျိုးအစား ဖုန်း(၁)လုံးနှင့် HUAWEI Y3 အမျိုးအစားဖုန်း(၁)လုံး၊ တံတားဖြူမှတ်တိုင်အရောက်တွင် ခရီးသည်တင်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသမီးတစ်ဦး၏ ဆွဲခြင်းအတွင်းမှ PHICOMM အမျိုးအစား ဖုန်း(၁)လုံး၊၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ရုံးရှေ့မှတ်တိုင်အနီး၌ ခရီးသည်တင်ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့် အမျိုးသမီးနှစ်ဦးထံ၏ ဆွဲခြင်းအတွင်းမှ Kenbo အမျိုးအစား ဖုန်း(၁)လုံးနှင့် SAMAUNG DUOS အမျိုးအစား ဖုန်း(၁)လုံးတို့အား နှိုက်ယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပြီး နှိုက်ယူ၍ရရှိသောဖုန်းများအား လှိုင်သာယာမြို့နယ်၊ရေဥက္ကံကျေးရွာ၊ ကျောက်စိမ်း လမ်းနေ တင်တင်ညို(ခ)မညို (၄၄)နှစ်မှ တစ်ဆင့် ရောင်းချခဲ့သဖြင့် ၎င်းအား နေအိမ်တွင်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ မင်းမင်း ပါ(၃)ဦးအား ဥပဒေနှင့်အညီအရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MDN