၂၄ ဇွန်

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၃၀-၃-၂၀၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်၌ ကျင်းပသည့် ကတိသစ္စာပြုပွဲအခမ်းအနားတွင် “ကျွန်တော်တို့ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကြိုးနီစနစ်တွေ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်သွားပြီး ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

နိုင်ငံတော်သမ္မတက အုပ်ချုပ်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် အရေးပါသည့်အချက်များကို ပြောကြားခဲ့ပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိရာ ယခုအခါ အတော်အတန်ခရီးရောက်နေပြီဟု ဆိုရမည်ဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ကော်မရှင်ကိုစနစ်တကျဖွဲ့စည်း၍ ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပိုမိုထိရောက်မှုရှိစေရန် ပြန်လည်ပြင်ဆင်ခဲ့ရာ စတုတ္ထအကြိမ်အထိ ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့သည်။

 

စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေတွင် ပုဒ်မ ၃၊ ပုဒ်မခွဲ (က)၌(၁) မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အားဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေး ကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန်ပိတ်ပင်ရန်အတွက်တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အား ပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန် အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းနှင့်ပတ်သက်၍ အစားထိုး ပြဋ္ဌာန်းထားသည်ကိုတွေ့ရသည်။

 

ဤအစားထိုးပြဋ္ဌာန်းလိုက်သည့် ဥပဒေပုဒ်မသည် ပြည်သူ့ဘဏ္ဍာငွေနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုနိုင်မှုများအား ထိထိရောက်ရောက် ကာကွယ်တိုက်ဖျက်နိုင်ရန် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပေသည်။ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေ၏ အသုံးစရိတ်များတွင် ဝယ်ယူရေးလုပ်ငန်းများသည် ကြီးမားသော အချိုးအစား ရှိသည့်အပြင် ယင်းသည် ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအမှူးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန်ထိတွေ့ ချိတ်ဆက် မိနိုင်သော နေရာဖြစ်သဖြင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ ဘေးအန္တရာယ်အများဆုံးရှိသည့် နေရာဖြစ်သည်။

 

OECD ၏ ၂၀၁၃ ခုနှစ် ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံများတွင်အစိုးရ၏ ဝယ်ယူဖြည့်တင်းရေး လုပ်ငန်း အတွက် သုံးစွဲငွေများ၏ ၂၀ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသည် အဂတိလိုက်စားမှုကြောင့် လေလွင့်ဆုံးရှုံး သွားသည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အလားတူ လေလွင့်ဆုံးရှုံးမှုမှာ ထို့ထက်ပိုမိုလိမ့်မည်ဟု ခန့်မှန်း ထားသည်။ ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့်ဥပဒေအရ စည်းမျဉ်း၊ စည်းကမ်းဖောက်ဖျက်မှုကြောင့် ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေများ ထိခိုက်နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရန် တားဆီးကာကွယ်ရေးတာဝန် ကော်မရှင်တွင် ရှိလာမည် ဖြစ်သည်။

 

သို့ဖြစ်ရာ အဆိုပါလုပ်ငန်းတာဝန်သည် နိုင်ငံတော်အတွက် အလွန်အရေးပါသော လုပ်ငန်းဖြစ်သဖြင့် ထိုတာဝန်ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတို့ကပါ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။ အစိုးရ၏ ဝယ်ယူဖြည့်တင်းရေး လုပ်ငန်းများတွင် ဦးစီးဦးဆောင်ပြုနေသည့် တာဝန်ရှိသူများကလည်း တာဝန်ယူထားရသော အခန်းကဏ္ဍအလိုက် အဂတိလိုက်စားမှုမဖြစ်စေရေး ပုဂ္ဂိုလ်အလိုက် ရိုးသားဖြောင့်မတ် မှုနှင့် တာဝန်ယူမှုရှိရန် ပို၍အရေးကြီးမည်ဟု ရှုမြင်ပါကြောင်း။ ။