သိပ္ပံစာရေးဆရာ ကိုကိုအောင်
စွမ်းအားကြီးမားထက်မြက်သော လက်နက်ကို စက်လက်နက်ဟု ခေါ်ဝေါ်သုံးနှုန်းသကဲ့သို့ ရံဖန်ရံခါ စက်ယန္တရားဟ လည်း ခေါ်ဆိုကြောင်း တွေ့ရှိရသည်။ တန်ခိုးကြီးထင်ရှားသော စေတီပုထိုးများတွင် လွန်စွာအဖိုးထိုက်သည့် ရွှေ၊ ငွေ၊ ပတ္တမြား စသောရတနာများ၊ အဖိုးအနဂ္ဃထိုက်သော ဓာတ်တော်မွေတော်များ၊ ရွှေဆင်းတု၊ ငွေဆင်းတုများ စသည်တို့ကို ဌာပနာ၍ ထိုဌာပနာတိုက်ကို မသမာသူတို့က ထိပါးဖျက်ဆီးခြင်း မပြုနိုင်စေရန် ဓားစက်၊ လှံစက်၊ ယန္တရားစက်များ တပ်ဆင်ထားလေ့ရှိကြောင်း ရှေးလူကြီးသူမတို့က ဒဏ္ဍာရီပုံဝတ္ထုသဖွယ် ပြောဆိုခဲ့ကြသည်။ ဌာပနာတိုက်ကို ဖောက်ဖျက်လျှင် ထိုဓားစက်၊ လှံစက်၊ ယန္တရားစက်များက အလိုအလျောက် လှုပ်ရှား၍ အပိုင်းပိုင်းပြတ်အောင် ထိုးခုတ်သတ်ဖြတ်ကြမည်ဟု ဆိုသည်။
ဤအဆိုအမိန့်အယူအဆသည် မဟာဝင်တွင် မြစ်ဖျားခံသည်ဟု ယူဆရသည်။ မဟာဝင်၏ အဆိုကား-
“ရောမတိုင်း၌ ဘူတဝါဟန ယန္တရားအတတ်ကို တတ်သူများရှိ၏။ ထိုသူတို့၏စာရင်းကို အတိအကျ မှတ်တမ်း တင်ထားသည်။ အခြားတစ်ပါးနိုင်ငံသို့ ထွက်သွားလျှင် ထိုသူကို ယန္တရားအတတ်ဖြင့် လိုက်လံ သတ်ဖြတ်သည်” ဟူ၍ ဖြစ်သည်။
ပါဋလိပုတ်ပြည်သားတစ်ဦးသည် ဘူတဝါဟန အတတ်ကိုရလို၍ ရောမသို့သွားကာ ထိုအတတ်ကိုတတ်သူ ဆရာတစ်ဦး၏သမီးနှင့် အိမ်ထောင်ပြုသည်။ ယောက္ခမသည်သမက်အား ဘူတဝါဟန ယန္တရားအတတ်ကို သင်ပေးသည်။ သားငယ်အရွယ်ရောက်လျှင် ပါဋလိပုတ်ပြည်သားက မိမိနေရပ်သို့ပြန်သည်။ ထိုသို့ ပြန်လည်ထွက်ခွာ မသွားမီ အတတ်ပညာကို ပေါင်တွင် စာရင်းရေးမှတ်သွင်း နှံထားခဲ့သည်။ ရောမတိုင်းသားတို့က လိုက်လံသတ်ဖြတ်၍ သေလျှင် အလောင်းကိုရအောင်ယူ၍ ပေါင်တွင်းမှ အတတ်ပညာကိုထုတ်ယူပြီး ပါဋလိပုတ်ပြည်သို့သွားရန် သားငယ်အား မှာခဲ့သည်။ သားငယ်လည်း အဖမှာခဲ့သည့်အတိုင်း အတတ်ပညာကို ထုတ်ယူ၍ ပါဋလိပုတ်ပြည်သို့ သွားရောက်နေထိုင်ခဲ့သည်။
သီရိဓမ္မာသောကမင်းကြီးသည် ရာဇဂြိုဟ်၌ အဇာတသတ်မင်းကြီး တည်ခဲ့သည့် စေတီတော်တွင် စက်ယန္တရားတို့ဖြင့် စီရင်ထားခဲ့သော ဌာပနာတိုက်ကိုဖော်ယူရန် ကြိုးပမ်းခဲ့သည်။ ဌာပနာတိုက်ကို ဖွင့်လိုက်သောအခါ ကျောက် အင်္ဂတေအမိုး၊ အုတ်ကြွပ်အမိုး၊ သံအမိုး၊ ကြေးဖြူအမိုး၊ ကြေးနီအမိုး၊ သလွဲဖြူအမိုး၊ သလွဲမည်းအမိုးတို့ကို အစဉ်အတိုင်း တွေ့ရှိရသည်။ ထိုအမိုးခုနစ်ထပ်ကို အစဉ်အတိုင်း ထုတ်ယူလိုက်သောအခါ အလုံးစုံသော ရတနာအတိပြီးသည့် ပြာသာဒ်တံတိုင်း ခုနစ်ထပ်အတွင်းဝယ် ဝင်းဝင်းညီသော ဓားလှံသန်လျက်ဆွဲငင်၍ အသက်ရှိသောသူကဲ့သို့ ပြေးသွားနေသော ယန္တရားစက်ရုပ်တို့ကို တွေ့ရသည်။ အဇာတသတ်မင်းကြီးသည် ထိုဌာပနာတိုက်ကို တည်ဆောက်ရာ၌ ရောမမှလာပြီး ပါဋလိပုတ်ပြည်၌နေထိုင်သော ဘူတဝါဟန အတတ်ပညာရှင် ဆရာအား ရာဇဂြိုဟ်သို့ ပင့်စေ၍ စီရင်ထားခဲ့ခြင်း ဖြစ်သည်။
သီရိဓမ္မာသောကမင်းကြီးသည် ဌာပနာတိုက်ရှိ ယန္တရားစက်ရုပ်များကို ဖျက်နိုင်မည့် ပညာရှင်ကို အသပြာ ထောင်ထုပ်နှင့် လိုက်လံရှာဖွေသည်။ အဇာတသတ်မင်း၏ ဌာပနာတိုက်ကို ဘူတဝါဟန ယန္တရားအတတ်ဖြင့် စီရင်ခဲ့သောဆရာ၏ အဆက်အနွယ် သားမြေးကိုတွေ့၍ ဆုလာဘ်ပေးပြီးလျှင် ဌာပနာတော်တို့ကို ထုတ်ယူစေသည်။ ထိုဓာတ်တော်မွေတော်တို့ကို ရှစ်သောင်းလေးထောင်သော စေတီတော်တို့တွင် ဌာပနာတော်မူခဲ့သည်။
မဟာဝင်ဝတ္ထုပါဇာတ်လမ်းကို အခြေခံ၍ နှောင်းဆရာတို့က ဉာဏ်ကွန့်မြူးကာ မဟာဝင်ဇာတ်တော် ကြီးပြဇာတ်၊ သီရိဓမ္မာသောကမင်းကြီးပြဇာတ် အမည်တို့ဖြင့် ဘူတဝါဟန ယန္တရားအတတ်ကို ဖော်ထုတ်ခဲ့ကြသည်။
ဓားစက်၊ လှံစက်၊ ယန္တရားစက်များ
ဓားစက်၊ လှံစက်နှင့် ယန္တရားစက်ရုပ်များ ပြုလုပ်သော ဘူတဝါဟနအတတ်ကို မဟာဝင်စသော ရှေးကျမ်းဂန် များတွင် ရေးသားခဲ့ကြသည်မှာ အကြောင်းမဲ့ အခြေခံမဲ့ မဟုတ်တန်ရာဟု မှတ်ယူနိုင်သည်။ ဒဏ္ဍာရီဆန်သည်ဟု ဆိုနိုင်သော်လည်း မဖြစ်နိုင်သော ကိစ္စဟုကား မဆိုသင့်ပေ။ ရှေးခေတ်လူတို့အဖို့ သားငှက်တိရစ္ဆာန်တို့ကို ဖမ်းရန် ကျော့ကွင်း၊ ထောင်ချောက်၊ ညှပ်များကို နေ့စဉ်လက်တွေ့ အသုံးပြုခဲ့ကြသည်။ အနီးစပ်ဆုံးကို သာဓကပြရလျှင် အရှင်အတိုင်းဖမ်းသော ကြွက်ထောင်ချောက်နှင့် သံဖြင့်ညှပ်ဖမ်းသော ကြွက်ထောင်ချောက်များသည် စပရိန်၊ လီဗာ(ကုတ်)၊ ခလုတ် စသည်တို့ကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်သည်။ ရှေးမြန်မာရဲမက်တော်များက ဆင်ခလုတ်၊ မြင်းခလုတ်၊ ကတုတ်အတတ်တို့၌ ကျွမ်းကျင်မှုရှိကြသည်။ ထိုကဲ့သို့ ကုတ်၊ စပရိန်၊ ခလုတ်စသည်တို့ကို အသုံးပြု၍ ဓားများ၊ လှံများကို ဘုရားစေတီများ၏ ဌာပနာတိုက်၌ တပ်ဆင်စီရင်ထားလျှင် ထိလိုက်ကိုင်လိုက် သည်နှင့် တစ်ပြိုင်နက် ထိုဓားလှံလက်နက်များက အပိုင်းပိုင်းပြတ်အောင် အလိုအလျောက် ထိုးခုတ်ကြလိမ့်မည် ဖြစ်သည်။ ဓားစက်၊ လှံစက်၊ ယန္တရားစက်များမှာ ထိုသဘောတရားကိုအခြေခံ၍ တည်ဆောက်ထားသည်ဟု ဆိုနိုင်သည်။
မဟာဝင် အဋ္ဌကထာစသော ဗုဒ္ဓစာပေကျမ်းဂန်တို့သည် မြန်မာ့ယဉ်ကျေးမှုကို လွှမ်းမိုးမှုရှိခဲ့သည်။ ထို့ကြောင့်ပင် စစ်ကိုင်းမင်း (၁၈၁၉-၃၇)သည် စည်းခုံတော်စေတီကို တည်တော်မူသောအခါ အဇာတသတ်မင်းကြီးက စက်ယန္တရား စီရင်၍ ဓာတ်တော်တို့ကို ဌာပနာခဲ့သကဲ့သို့ မြန်မာသက္ကရာဇ် ၁၁၈၁ ခုနှစ် တန်ခူးလပြည့်ကျော် ၁ ရက် ဗုဒ္ဓဟူးနေ့ည လကို ရာဟုဖမ်းချိန်တွင် အဖိုးထိုက်ရတနာများကို စေတီတော်မြတ်တိုက်တွင် ဌာပနာတော်မူသည်ဟု ရာဇဝင်ကျမ်းက မှတ်တမ်းတင်ထားသည်။
ထို့ထက်လက်တွေ့ကျသော သိပ္ပံနည်းကျသော လုပ်ဆောင်ချက်အဆိုအမိန့်လည်း ရှိခဲ့သည်။ ဗဒုံမင်းသည် မြန်မာသက္ကရာဇ် ၁၁၅၈ ခုနှစ် (၁၇၉၆)တွင် မင်းကွန်းပုထိုးတော်ကြီးကို တည်ထားရာ၌ ဌာပနာတိုက်များကို မြိုက်မြိုက်အသွားရှသော လှံ၊ ဓား၊ သံစူး၊ သံချွန်တို့ဖြင့် မထိကောင်းအောင် ခြံရံစီရင်ပြီးလျှင် ကျောက်တစ်ထပ်၊ သဲတစ်ထပ်တို့ဖြင့် စေ့စပ်သေချာစွာပိတ်ဆို့၍ ကြေးသလဲမည်းအချိန် ပိဿာသုံးသိန်းကျော်တို့ကို လောင်းသွန်း ပိတ်ဖုံးတော်မူသည်ဟု ကျမ်းဂန်တို့က ဆိုကြသည်။ ဌာပနာတော်တို့ကို မထိမကိုင် မယူနိုင်စေရန် ဓားစက်၊ လှံစက်၊ ဓားစကြာ၊ လှံစကြာနှင့် စက်ယန္တရားများဖြင့် တပ်ဆင်စီရင်ခြင်းဟု မဆိုခဲ့သော်လည်း ထိုသဘောပင် သက်ရောက် လျက်ရှိသည်။
စက်ဒုံး၊ စက်မီး၏ လက်နက်များ
စက်လက်နက်သဘော သက်ရောက်ပါဝင်သော စက်ဒုံး၊ စက်မီးတို့ကိုလည်း ရှေးမြန်မာစာပေများ၌ တွေ့ရပြန်သည်။ ဒုံးသည် လက်မောင်းရင်းခန့်၊ ပေါင်လုံးခန့် သို့မဟုတ် ထို့ထက်ကြီးသော သစ်လုံးကို အခေါင်းထွင်း၍ ယမ်းထောင်း ဖိသိပ်ထားသော ယမ်းကိုမီးရှို့ရာ၌ ပွင့်ကန်ကွဲထွက်မသွားစေရန်အတွက် သစ်လုံးကို ကြိမ်များဖြင့် ခိုင်ခံ့စွာ ခတ်ထားသည်။ ဒုံးစနက်တံကို မီးရှို့လျှင် ယမ်းကိုမီးစွဲ၍ ယမ်းမီး၏အရှိန်ဖြင့် ဒုံးသည် အဝေးသို့လည်းကောင်း၊ အမြင့်သို့လည်းကောင်း အရှိန်ပြင်းစွာဖြင့် ပျံထွက်သွားအောင် စီစဉ်ထားသည်။ ထိုဒုံးများကို ကုန်းဘောင်ခေတ်က စက်မီး သို့မဟုတ် စက်ဒုံးဟု ခေါ်တွင်ခဲ့သည်။
ကုန်းဘောင်ခေတ်လယ် ဗဒုံမင်း (၁၇၈၂-၁၈၁၉) နှင့် စစ်ကိုင်းမင်း (၁၈၁၉-၃၇) တို့၏ လက်ထက်တွင် စက်မီး၊ စက်ဒုံး ရို့လွှတ်သောပြိုင်ပွဲများမှာ ထင်ရှားစည်ကားခဲ့သည်။ ရွှေတိဂုံဘုရားပွဲတွင်လည်း စက်မီး၊ စက်ဒုံးများကို ပစ်လွှတ်ပူဇော်ကြသည်။ ပဲခူးမြို့တွင် စက်မီး၊ စက်ဒုံး ပစ်လွှတ်ပြိုင်ပွဲသည် နှစ်စဉ်ကျင်းပမြဲ ပျော်ပွဲရွှင်ပွဲတစ်ခု ဖြစ်သည်။ ပဲခူးမြို့တွင် ပစ်လွှတ်သော စက်မီး၊ စက်ဒုံး တို့သည် ခုနစ်ပေ၊ ရှစ်ပေခန့်ရှည်ပြီး နှစ်ပေ၊ သုံးပေခန့်လုံး ပတ်ရှိသော သစ်လုံးများ ဖြစ်ကြသည်။ ထိုသစ်လုံးကိုထွင်း၍ ယမ်းမီးသွေးမှုန့်၊ ယမ်းစိမ်းတို့ကို ထောင်းသိပ်ထည့် ထားကာ စက်ဒုံး၏နောက်တွင် ၁၈ ပေမှ ပေ ၂ဝ ခန့်အထိ ရှည်လျားသောဝါးလုံးကို ကြိမ်များ၊ ကြိုးများဖြင့်ခိုင်ခံ့စွာ ချည်ထား၊ တုပ်ထားသည်။ ရှို့လွှတ်သောအခါ အရှိန်ဖြင့်အမြင့်သို့ ထိုးတက်သွားပြီး ပြန်အကျတွင် အလွန်လှပဆန်းကြယ်သော မီးရောင်စုံမီးပွင့်များက ပုံစံအမျိုးမျိုးဖြင့် ဖြာလျက်ရှိသဖြင့် ရှုမောဖွယ်ကောင်းလှသည်။
နေပြည်တော် အမရပူရတွင်ပြုလုပ်သော စက်ဒုံး၊ စက်မီးများသည် ပဲခူးတွင် ပစ်လွှတ်သောဒုံးတို့ထက် ပိုမိုကြီးမားကာ အင်အားပို၍ကောင်းသည်။ စက်ဒုံးကိုယ်ထည် သစ်လုံးမှာ ၁၂ ပေမှ ပေ၂၀အထိရှည်သည်။ ထိပ်ဝ ထယ်သစ်ဥ စကဒူးကိုယ် အချင်း ၉ လက်မ၊ ၁ဝ လက်မခန့်ရှိပြီး သစ်သားထုမှာ ၂ လက်မခန့်ထူသည်။ ယမ်းပိဿာ ၂ဝဝဝ ခန့် (ပေါင်၇ဝဝဝ/ ၃ တန်ခန့်) ဝင်ဆံ့ပြီး ကက်သရင်းဦး (Catherine wheel) ကဲ့သို့သော ဘီး(ရဟတ်)တစ်မျိုးကို တပ်ဆင်ထားသည်။ အလွန်ကြီးမားသော စက်ဒုံးစက်မီးများကို စင်မြင့်ငယ်ပေါ်မှ ပစ်လွှတ်လေ့ရှိသည်။
စက်မီး၊ စက်ဒုံးပစ်လွှတ်ပွဲတွင် မင်းညီမင်းသားများ၊ မှူးကြီးမတ်ရာများ အစုအမှုထမ်းများနှင့် နေပြည်တော် မြို့တွင်းမြို့ ပြင်ရပ်စုရပ်ကွက်များမှ ပြည်သူများက စက်မီး၊စက်ဒုံးများပြုလုပ်ကာ ပါဝင်ယှဉ်ပြိုင်ကြသည်။ ဗဒုံမင်း ကိုယ်တော်တိုင်က လွန်စွာစိတ်ပါဝင်စားသဖြင့် သစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲယူဆောင်ကာ ယမ်းပိဿာချိန် နှစ်ထောင်၊ သုံးထောင်ခန့်ဝင်ဆံ့သော စက်ဒုံးကြီး တစ်ခုကို ပြုလုပ်ခဲ့သည်။
ဗဒုံမင်းလက်ထက် ဂုဏာဘိအနန္တဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ မင်းအိုဆရာတော်ကြီး ပျံလွန်တော်မူရာ သာဓုကီဠနသဘင်ကို ခမ်းနားကြီးကျယ်စွာ ဆင်ယင်ကျင်းပခဲ့သည်။ ထိုပွဲတွင် မီးပျံ၊ မီးစက်ရှို့ လွှတ်ပူဇော်ရန် မိဖုရားကြီးနှင့်တကွ သားတော်၊ သမီးတော်၊ နန်းတော်သူ၊ နန်းတော်သား အပေါင်းတို့သည် စက်ဒုံး၊ မီးပျံ၊ မီးပိတုန်းစသော မီးအမျိုးမျိုးနှင့် စက်အမျိုးမျိုးတို့ကို သူ့ထက်ငါသာလွန်အောင် အားကြိုးမာန်တက် လုပ်ဆောင်ကြသည်။ ဘုရင်မင်းတရားကြီး ကိုယ်တော်တိုင်ကလည်း မိဖုရားကြီး၏ စက်ဒုံးကို အနိုင်ရအောင် မီးပျံစက်တစ်ခုပြုလုပ်ရန် အမတ်ကြီးဦးပေါ်ဦးကို ခိုင်းစေတော်မူခဲ့သည်။
ထိုပွဲတွင် ဗဒုံမင်းသည် မိဖုရားကြီးနှင့်တကွထွက် တော်မူ၍ မီးပျံများနှင့် စက်မီး၊ စက်ဒုံးများ ရှို့လွှတ်သည်ကို ရှုစားတော်မူသည်။ မိဖုရားကြီးမှစ၍ အသီးသီးစီရင်ကြသော စက်အပေါင်းတို့မှာ အောင်အောင်မြင်မြင်ဖြင့် ကောင်းကင်သို့ ပျံတက်သွားကြသည်။ ဦးပေါ်ဦးစီရင်သော မင်းတရားကြီး၏ စက်မီးကိုရှို့လွှတ်ရာ၌မူ ကောင်းကင်သို့ မတက်ဘဲ မြေပြင်ပေါ်တွင်သာ ခုန်လျက်နေသဖြင့် ဘုရင်မင်းမြတ်က လွန်စွာမျက်တော်မူသည်။
ထိုအခါ အလျှောက်ကောင်းသော ဦးပေါ်ဦးက သူစီရင်သောစက်မီးသည် ကျမ်းဂန်နှင့်အညီဖြစ်ကြောင်း၊ နမက္ကာရ ဘုရားရှိခိုးတွင် “သမန္တစက္ခု'ဟု ပါသောကြောင့် ကောင်းကင်သို့မတက်ဘဲ မြေမှာခုန်အောင် ပြုလုပ်ထားသော စက်ဖြစ်ကြောင်း လျှောက်တင်သည့်အခါ ဘုရင်မင်းမြတ်က ရယ်မောလျက် အမျက်တော်ပြေခဲ့သည်ဟု ဆိုသည်။
စစ်ကိုင်းမင်းသည် သီရိမဟာအသောကာရာမတိုက် ဘုံကျော်မဟာအောင်မြေ ဘုံသာကျောင်းတော် ရေစက်ချပွဲကို မြန်မာသက္ကရာဇ် ၁၁၉၇ ခုနှစ် (အေဒီ-၁၈၃၅) တွင် ကျင်းပခဲ့သည်။ ထိုပွဲအပြီးတွင် မင်းညီမင်းသား မှူးတော် မတ်တော်များနှင့် အရပ်အကွက်များက စက်ဒုံးများကို ရွှေနန်းတော်သို့ သွင်းပြကြပြီးလျှင် ဝါဆိုလဆန်း ၄ ရက်တွင် ပစ်လွှတ်ပြုကြရာ ရွှေနန်းတော်သို့ ထွက်တော်မူ၍ ရှုစားသည်။
ထို့နောက် ၁၁၉၈ ခုနှစ် နယုန်လပြည့်ကျော် ၁၄ ရက် တွင် ဒုတ္ထာဝတီမြစ် အနောက်ဘက်ကမ်းနဖူးတွင် ဆောက်ထားသည့် စံနန်းတော်သို့ စစ်အင်္ဂါလေးပါး ခင်းကျင်းလျက် ထွက်တော်မူ၍ မင်းညီမင်းသား စော်ဘွားမြို့စား မှူးတော်မတ်တော် သူဌေးသူကြွယ်တို့နှင့် နေပြည်တော် ရတနာပူရမြို့တွင်း၊ မြို့ပြင် ရပ်စုရပ်ကွက်များက လုပ်ဆောင်ကြသည့် ဒုံး၊ စက်မီး၊ ရှို့မီးများကို အရှေ့ဘက်ကမ်းထိပ်တွင် ရှို့လွှတ်စေကာ ရှုစားတော်မူခဲ့သည်။