၂၅ ဇွန်
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ ကမ်းပါးများ၊ တောင်များ ပြိုကျမှု ဖြစ်ပွားသဖြင့် ဘုရားပုထိုး၊ အဆောက်အအုံများ အပါအဝင် လူနေအိမ်များပါ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ထိုသို့ သဘာဝဘေးနှင့် ကြုံတွေ့နေရသည့် ဒေသများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များက သွားရောက်၍ ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ရေကြီးရေလျှံမှု ဘေးအန္တရာယ်များအား နိုင်ငံတစ်ဝန်းတွင်ကြုံတွေ့ခဲ့ရပြီး အချို့ဒေသများတွင် ဆိုးဆိုးရွားရွား ရင်ဆိုင်နေရသည်။ ဥပမာအားဖြင့် မွန်ပြည်နယ်၌ ပြည်နယ်တစ်ခုလုံး ရေဘေး ကြုံတွေ့နေရပြီး မော်လမြိုင်မြို့ ရှေးဟောင်းသမိုင်းဝင် ကျိုက်သလ္လံဘုရားတောင်တော် မြေပြိုကျမှုကြောင့် သာသနိက ပစ္စည်းများ ပျက်စီးခဲ့ရသည်။
ရာသီဥတုပြောင်းလဲလာမှုနှင့် ပြင်းထန်လွန်ကဲသည့် မိုးလေဝသဖြစ်စဉ်များကြောင့် ပတ်ဝန်းကျင်နှင့် လူအများ ထိခိုက်နစ်နာမှုများကို သတိမူဆင်ခြင် သုံးသပ်၍ နောင်ကာလများအတွက် ကြိုတင်ပြင်ဆင် ဝိုင်းဝန်းလက်တွဲဆောင်ရွက် ကြရမည်ဖြစ်သည်။ ကြုံတွေ့နေရသည့် သဘာဝဘေးများမှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမဟုတ်ဘဲ နိုင်ငံအများ ရင်ဆိုင်နေရခြင်း ဖြစ်သည်။ မိုးရာသီတွင် ဖြစ်ပွားတတ်သော သဘာဝဘေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအဖို့ အဆန်းမဟုတ် သော်လည်း ထိခိုက်ဆုံးရှုံးမှုများ တိုး၍ဖြစ်မလာရေးအတွက် ကာကွယ်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြဖို့ ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်သည် တိုက်ရိုက်ဆက်စပ် နေသဖြင့် ဆိုးရွားသော ရာသီဥတုများ လျော့နည်းကျဆင်းအောင် သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်သည်။ ရေကြီးရေလျှံခြင်း ဟူသော သဘာဝအန္တရာယ်နှင့် ကြုံတွေ့ရခြင်းသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ချောင်း၊ မြောင်းများ တိမ်ကောလာခြင်းနှင့် သစ်တောသစ်ပင်များ ပျက်စီးဆုံးရှုံးမှုကြောင့် ဖြစ်ရခြင်းကို အများပြည်သူအားလုံးနီးပါး သိရှိနားလည်ထားကြသည်။
ထို့ကြောင့် မြစ်၊ ချောင်းများ မတိမ်ကောရေး၊ သစ်တောသစ်ပင်များ မပြုန်းတီးရေးအတွက် ပြည်သူအားလုံး အသိစိတ်ဓာတ်ရှိစွာဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည် ဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းခြင်းသည် သဘာဝဖြစ်စဉ်သာဖြစ်ပြီး မြစ်၊ ချောင်းများနှင့် သစ်တောသစ်ပင်များ ကောင်းမွန်နေပါက မိုးရေများ သဘာဝအတိုင်း စီးဆင်းသွားမည်ဖြစ်၍ လူတို့အတွက် ထိခိုက်နစ်နာမှု နည်းပါးမည်ဖြစ်သည်။ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိမှုနှင့် ခန့်မှန်းထားမှုများအရ ရာသီဥတုဖောက်ပြန်မှုကြောင့် ရေခဲတောင်များ၊ ရေခဲမြစ်များ အရည်ပျော်ကျလျက်ရှိသဖြင့် လက်ရှိတွင် ပင်လယ်ရေမျက်နှာပြင် တဖြည်းဖြည်းတက်နေပြီး ခန့်မှန်းချက်အရ ခရစ်နှစ် ၂၀၅၀ ခန့်တွင် ပင်လယ်ရေ အနည်းဆုံး တစ်ပေခွဲမှ နှစ်ပေခန့်အထိ တက်လာမည်ဟု တွက်ချက်ထားကြသည်။ ယခုကဲ့သို့ မိုးရာသီကာလတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်၊ ချောင်း၊ မြောင်းများ ရေစီးဆင်းမှုပိုများလာပြီး မြင့်တက်နေသော ပင်လယ်ရေနှင့် ဆုံစည်းသောအခါ ရေကြီးရေလျှံမှုများ၊ ရေနစ်မြုပ်မှုများနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။
သို့ဖြစ်ရာ ရေကြီးရေလျှံမှုများကြောင့် ပြည်သူများ ရေဘေးအန္တရာယ်၊ ရေဘေးဒုက္ခများနှင့် ကြုံတွေ့ရမှု လျော့နည်းသက်သာ စေရေးအတွက် မြစ်တွေ၊ ချောင်းတွေ၊ မြောင်းတွေ ရေစီးရေလာကောင်းမွန်ရေး၊ သစ်တောသစ်ပင်များ ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ပြည်သူများ ပူးပေါင်းပါဝင်ကာ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် လက်တွဲကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ