နေပြည်တော် ၂၇ ဇွန်
မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ မူးယစ်ဆေးဝါး တားဆီးကာကွယ်တိုက်ဖျက်ရေးအတွက် ပြည်သူများထံမှ သတင်းအချက်အလက်များ ရယူနိုင်ရန် အရေးပါလှသည့် အဆိုပါတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံး၏ ၂၂-၆-၂၀၁၈ ရက်စွဲပါ ရုံးမိန့်အမှတ် (၁၈၇/၂၀၁၈)ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ရာ လုံခြုံစိတ်ချရမှုအတွက် ထိပ်တန်းဌာနဖြစ်သည်ဟုဆိုရမည်။
နေပြည်တော်တွင် ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မိန့်ခွန်းပြောကြားခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေသည့် သတင်းများ လူမှုကွန်ရက်ပေါ် ရောက်ရှိပျံ့နှံ့လာသည့်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်နှင့် ဝင်ရောက်ဖမ်းဆီးခဲ့ရသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထည့်သွင်းပြောကြားခဲ့သည်။ “အဲဒီအနီးနားမှာ နေထိုင်ကြတဲ့ပြည်သူတွေ မသိကြဘူးလား မေးကြည့်တော့ သိကြပါတယ်။ သူတို့ကို ရန်ရှာ အန္တရာယ်ပြုမှာကို စိုးရိမ်တဲ့အတွက် ဘယ်သူ့ကိုမှ သတင်း မပေးရဲကြဘူးဆိုတာ သိရပါတယ်။ ဒီအချက်ဟာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှု ရရှိနိုင်ဖို့အတွက် အရေးကြီးတဲ့ အချက်ပေးမှုတစ်ရပ်ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့ရာ ယင်းအချက်သည် "မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန” ဖွဲ့စည်းပေါ်ပေါက်လာခြင်း၏ အဓိက အကြောင်းတရားတစ်ရပ်ပင် ဖြစ်သည်။
မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ဖြန့်ဖြူးခြင်း စသည်တို့ကို မိမိနှင့် နီးစပ်ပတ်သက်ရာ၊ မိမိပတ်ဝန်းကျင် စသည်တို့တွင် ဖြစ်ပေါ်နေကြောင်း တွေ့မြင် သိရှိခဲ့ပါက အထက်ဆိုခဲ့ပါ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါးအထူး သတင်း တိုင်ကြားရေးဌာန၏ သီးသန့်တယ်လီဖုန်း၊ သီးသန့်ဖက်စ်ဖုန်း၊ သီးသန့်အီးမေးလ် လိပ်စာများဆီသို့ ဘေးအန္တရာယ်ကင်းကင်းနှင့် လုံခြုံစိတ်ချစွာ သတင်းပေးပို့ တိုင်ကြားနိုင်ကြပြီဖြစ်သည်။
သတင်းပေးတိုင်ကြားသူက ပေးပို့လာသည့် သတင်းအချက်အလက်ကို အခြေခံကာ ဗဟိုတွင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကို စေလွှတ်သွားမည်ဖြစ်ကြောင်း၊ အထူးအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ သတင်းအချက် အလက်မှန်သမျှ ပေါက်ကြားမှုမရှိအောင်၊ လျင်လျင်မြန်မြန် ဖြန့်ကြက်ပြီး လျှပ်တစ်ပြက်အတွင်း သွားရောက်ဖမ်းဆီးနိုင်အောင် စနစ်တကျပြင်ဆင်ထားပြီးလည်းဖြစ်ရာ “မူးယစ်ဆေးဝါးအထူးသတင်း တိုင်ကြားရေးဌာန” နှင့် “မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့” တို့သည် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် အထူးအရေးပါလှသော ဌာနအဖွဲ့အစည်းများအဖြစ် ပြည်သူများ၏ ယုံကြည်ကိုးစားမှုများကို ရရှိနိုင်ကြမည်ဟု အလေးအနက်ယုံကြည်မိသည်။
တစ်ဖက်တွင်လည်း ဆုကြေးအစီအစဉ်အရ မူးယစ်ကုန်သည်များနှင့် ရောင်းဝယ်ဖောက်ကားသူများ၏ တရားမဝင် ပိုင်ဆိုင်မှုများကို သတင်းပေး တိုင်ကြားသူ၊ လက်ရဖမ်းဆီးသူနှင့် နိုင်ငံတော်အစိုးရတို့ သင့်တင့်လျောက်ပတ်သော အချိုးအစားဖြင့် ခွဲဝေရရှိမည်ဖြစ်သည့်အပြင် တိုင်ကြားသူအတွက် လုံခြုံရေးကို ဂရုပြုကာ သတင်းထုတ်ပြန်မှုမပြုခြင်း၊ နိုင်ငံတော်၏ချီးမြှင့်ငွေဖြစ်သည့်အတွက် အခွန်ကင်းလွတ်ခြင်းစသည့် အခွင့်အရေးများကိုလည်း ရရှိကြမည်ဖြစ်ရာ မူးယစ်ဆေးဝါးအ္တရာယ် တားဆီးကာကွယ်ရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်လာရန် ဆွဲငင်အားများပင်ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်အင်အားများဖြစ်သော လူငယ် လူရွယ်များ ကျန်းမာကြံ့ခိုင်ရေး၊ စာရိတ္တမဏ္ဍိုင်ခိုင်မာရေး၊ အသိပညာ အတတ်ပညာနှင့် ကိုယ်ရည်ကိုယ်သွေး မြင့်မားရေးတို့ကို ဖျက်ဆီးပစ်နိုငသော မူးယစ်ဆေးဝါးအ္တရာယ် တားဆီးကာကွယ်တိုက်ဖျက်ရေးအတွက် လူတိုင်းလူတိုင်းက ကျရာနေရာမှ ပူးပေါင်းပါဝင်ကြစေလိုပါကြောင်း နှင့် မိမိတို့ပတ်ဝန်းကျင်မှ တွေ့သိရသည့် မူးယစ်ဆေးဝါး သတင်းအချက်အလက်တို့ကို လုံခြုံစိတ်ချရသော လမ်းကြောင်းများ ဖွင့်ပေးထားပြီး ဖြစ်သည့်အတိုင်း တာဝန်သိသိဖြင့် သတင်းပေးကြစေလိုပါကြောင်း။
မြန်မာ့အလင်း