‘ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေကို လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရန် တစ်နိုင်ငံလုံး ပြည်သူတစ်ရပ်လုံးရဲ့ အမျိုးသားရေးတာဝန်ကြီးတစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းကြဖို့ အထူးပဲ အရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် နောင်လာမယ့် ဆယ်စုနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားဟာ မတွေးဝံ့စရာ အခြေအနေကိုဆိုက်ရောက်လာနိုင်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဖြည်းဖြည်းချင်းဝါးမျိုပြီး ကျွန်တော်တို့ရဲ့ လူငယ်တွေကို အညွန့်ချိုးနေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အနာဂတ်ကို တစ်စစီနင်းခြေပစ်နေတ ဒီမူးယစ်ဆေးဝါးအန္တရာယ်ကို ကျွန်တော်တို့အားလုံး ပြည်သူနဲ့အတူစုပေါင်းပြီးနှိမ်နင်းကြဖို့ အထူးအလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်’’ ဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

 

မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာပေါ်တွင် ပိုမိုရှုပ်ထွေးကြီးမားလာပြီး ကမ္ဘာ့ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးတို့ကို ထိခိုက်ဖျက်ဆီးသည့် ကပ်ရောဂါဆိုးကြီးအသွင်ဖြစ်နေသည်။ နိုင်ငံအလိုက်သာမက နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များ၏ အကျိုးဆက်ရလဒ်များအဖြစ် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုပါ ထိခိုက်လှိုက်စားလာကြောင်း မြင်တွေ့နေရသည်။ စစ်တမ်းများအရ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အရွယ်မတိုင်ခင်သေဆုံးသူပေါင်း တစ်သိန်းကိုးသောင်းကျော်ရှိပြီး မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သည့် ရောဂါများမြင့်တက်လာကြောင်း ၂၀၁၇ ခုနှစ်ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် မူးယစ်ဆေးဝါးကွန်ဗင်းရှင်းများနှင့်အညီ ဥပဒေပြဋ္ဌာန်းပြီးစီမံကိန်းရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးဆိုင်ရာအဖွဲ့အစည်း၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာအရမြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ထုတ်လုပ်မှု၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်များအတွင်းဒေသအလိုက် အထူးစစ်ဆင်ရေးများ ပြုလုပ်ပြီး တားဆီးတိုက်ဖျက်နှိမ်နင်းခဲ့သည်ကို တွေ့ရသည်။

 

မူးယစ်ဆေးဝါးပြဿနာကို ပိုမိုထိရောက်စွာ နှိမ်နင်းနိုင်ရန်အတွက်နိုင်ငံတော်သမ္မတကြီး ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုစဉ်ပြောကြားခဲ့မှု၊ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့မှုတို့နှင့်အညီ အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်သည့် လက်ကြီးသမားများကို ဦးစားပေးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဖောဖောသီသီ ရောင်းဝယ်ဖောက်ကားမှုများကို မသိချင်ယောင်ဆောင်ထားသည့်၊ သိလျက်နှင့် လွှတ်ထားသည့် ဖြစ်စဉ်မျိုးများ ဖြစ်လာလျှင် အဓိကတာဝန်ရှိသူများကို ဦးစားပေးအရေးယူမှုပြုလုပ်ရေး၊ ကွင်းဆက်ပျောက်သွားသည့်၊ ပိုင်ရှင်မဲ့ဖြစ်သွားသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရေး၊ မူးယစ်ရဲများ၏ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးပြီးတစ်ဖက်တွင် ဆုပေးဒဏ်ပေးစနစ်ကို ထိထိရောက်ရောက်ဖြစ်အောင် ပြင်ဆင်ပေးရေး၊ အခြေအနေအရလိုအပ်လျှင် ဗဟိုတွင် လျှပ်တစ်ပြက်ဖမ်းဆီးနိုင်သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့တစ်ဖွဲ့ထားရှိပြီးဆောင်ရွက်ရေးတို့ကို အမျိုးသားရေးအသွင်ဖြင့် ပြည်သူနှင့်အတူပူးပေါင်းလက်တွဲ၍ စုပေါင်းတိုက်ဖျက်သွားကြရမည် ဖြစ်ပါကြောင်း။ ။